ဘားအံ ဇန်နဝါရီ ၂၀
၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အားကစားပေါင်းစုံ ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးခြင်း၊ အားပေး ချီးမြှောက်ခြင်း၊ အားကစားကွင်း၊ အားကစားရုံများကို အဆင့်မြှင့်တင်ပေးခြင်းစသည့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကရင်ပြည်နယ်ကိုယ်စားပြု အားကစားသမားလူငယ်မောင်မယ်များအနေဖြင့် မိမိတို့ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် အကောင်းဆုံးဖြစ်အောင်၊ ပြည်နယ်ဂုဏ်ကို ဆောင်နိုင်အောင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကစားကြဖို့ တိုက်တွန်းလိုကြောင်း၊ အောင်မြင်မှုများအလိုက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဂုဏ်ပြု ချီးမြှောက်မှုများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အားပေးလမ်းညွှန် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်အသင်းထံသို့ အောင်နိုင်ရေးအလံနှင့် အောင်နိုင်ရေးထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကရင်ပြည်နယ်အားကစား အောင်နိုင်ရေးကော်မတီနှင့် မြသီတာအောင်စိုးစိုးကုမ္ပဏီတို့က အောင်နိုင်ရေးထောက်ပံ့ ငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားသမား များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)