ဇီးကုန်း ဇန်နဝါရီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဘိုးဘွားများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ခံဒေါ်စိုးစိုးစံနှင့် ဝန်ထမ်းများသည် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် အတူ ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွား(၃၁)ဦးအား တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်စီကို (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။
ယခုထောက်ပံ့ပေးအပ်ခြင်းသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွားများအား တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်စီဖြင့် ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၄) အုပ်စုမှ အသက် (၈၅) နှစ်နှင့် အထက် အဘိုးအဘွား (၆၁၁) ဦးအတွက် (၁၈၃၃၀၀၀၀) ကျပ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)