ကောလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကောလင်း သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာရေးဆရာ ဒေါက်တာ ဖေမြင့်၏ "တန်ဖိုးထားအပ်သောအရာများ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က ကျင်းပခဲ့ရာ ကောလင်းမြို့နယ် စာပေ ဝါသနာရှင်အသင်းမှ ၂၁ ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာပေဝါသနာရှင်အသင်းမှ ဦးထွန်းလင်းက စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိလာစေရန်၊ စာဖတ်သူအချင်းချင်း  အသိပညာ ဗဟုသုတများ အပြန်အလှန် ဆွေးနွေးတတ်သောအလေ့အထများဖြစ်ပေါ်လာစေရန်၊ နှုတ်မှုစွမ်းရည်များ မြင့်မားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းတွင် စာရေးဆရာ ဒေါက်တာဖေမြင့်၏ "တန်ဖိုးထားအပ်သော အရာများ" စာအုပ်ပါ အကြောင်းအရာများကို ဖတ်ကြား ဆွေးနွေးကြရာ ဒေါ်ယဉ်ယဉ်မွန်က "အဆုံးအဖြတ်ပေးတတ်တဲ့လူ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ဆုဝေထွန်းက "နေတတ်တဲ့လူ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးအောင်မိုးက "အတိုင်းအတာမသိတဲ့လူ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်သန္တာက "ဘာကိုယုံကြည်ကြမည်လဲ"ခေါင်းစဉ်ဖြင့် အသီးသီးဖတ်ကြားပြီး   ဦးနိုင်နိုင်ထွန်း၊ ဒေါ်ရီရီခိုင်၊ ဦးကျော်အောင်တို့က အပြန်အလှန် သုံးသပ်ဆွေးနွေး ခဲ့ကြ ကြောင်း သိရသည်။

မြင့်ထွန်းမင်း(ပြန်/ဆက်)