ဖားဆောင်းမြို့နယ် ​​​​​​​​​မြို့​ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်​ရောဂါ ကြိုတင် ကာကွယ်ရေး မြန်မာ၊ ရှမ်း၊ ကယားသုံးဘာသာဖြင့် အသိပညာပေးနှိုးဆော်

ဖားဆောင်း ဇန်နဝါရီ ၂၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ကိုဗစ်−၁၉ မျိုးကွဲသစ် အိုမီခရွန်​ရောဂါ ကူးစက်ပျံ့နှံမှုမှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်၍ အသိပညာ ပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့​​နံနက်(၈)နာရီ အချိန်က  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်​ မြို့နယ်မီးသတ်ဦးစီးဌာနတို့က ပူးပေါင်း၍ မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့် ​​​​​​​​မြို့​​ပေါ်ရပ်ကွက်များတွင် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ​ရောဂါသည် ယခုအချိန်တွင် ဗီဇ​ပြောင်းမျိုးကွဲသစ် အိုမီခရွန်အဖြစ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံမှုများ ပိုမို များပြားလာ​နေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉​ရောဂါ မျိုးကွဲသစ်အိုမီခရွန်ကို ဆက်လက် ကာကွယ် တားဆီးနိုင်ရန် ဖားဆောင်းမြို့နယ် ​​​​​​​​​​မြို့​​​ပေါ်ရပ်ကွက်များ​တွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာ ဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ် အခန်းများကို လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ထားကြရန်၊ အပြင်မှ ပြန်လာတိုင်း Mask စနစ်တကျ စွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါက ဝေဒနာ ပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ်ထိခိုက်နိုင်သဖြင့် ဂရုပြုနေထိုင်ရန်၊ ရောဂါကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တာဆီးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံးလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ရန် စသည့်အချက်များကို  မြန်မာ၊ ရှမ်း၊ ကယား သုံးဘာသာဖြင့်   စဉ်ဆက်မပြတ် နှိုးဆော်ပေး လျက် ရှိကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)