လက်ပံတန်း မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

လက်ပံတန်း ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင လက်ပံတန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန လက်ပံတန်း မူလတန်းကြိုကျောင်း၌ ကျောင်းတွင်း ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယ​နေ့ နံနက်ပိုင်းတွင် ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများအဖြစ်  ကျောင်းသား၊ ကျောင်းသူလေးများက အာလူးကောက် ပြိုင်ပွဲ၊ ရိုးရိုးအပြေးပြိုင်ပွဲ၊ အရောင်ရွေးပြိုင်ပွဲ၊ အံသွင်းပြိုင်ပွဲ၊ အရုပ်ထောင်ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ (၆၀)ဦးတို့က ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆရာမများနှင့် ကျောင်းသားမိဘများက စာအုပ်ရွက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။ ထိုသို့ပြိုင်ပွဲများ ကျင်းပပေးရခြင်းမှာ ရင်သွေးငယ်များ ကာယ ပိုင်းဆိုင်ရာ၊ ဉာဏပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးစေရန်၊ ပေါင်းသင်း ဆက်ဆံရေးနှင့် စိတ်ခံစားမှုဆိုင်ရာ စသည့်အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်၊ ရွယ်တူအုပ်စုများနှင့် အတူ လုပ်ကိုင်ခြင်းဖြင့် စိတ်ပျော်ရွှင်မှု ရရှိစေ ရန်၊ မိမိကိုယ်မိမိယုံကြည်စိတ်များ ရရှိစေရန်နှင့် မိဘဆရာပူးပေါင်းမှု ဆောင်ရွက်ခြင်း အားဖြင့် ရင်သွေးငယ်များအား နည်းလမ်းမှန်စွာဖြင့် ပြုစုစောင့်ရှောက်မှုရရှိစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း လက်ပံတန်းမူကြိုကျောင်းအုပ် ဒေါ်ထက်ကေခိုင် ထံမှ သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ သာယာဝတီခရိုင် လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်သီသီထွန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင် ဦးတင်စိုးရှိန်၊ မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သက်သက်ညိုနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများအား အစားအသောက်နှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး