ချီဖွေ သြဂုတ် ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်ရောင်းချရန်အတွက် ဩဂုတ်လ (၂၄)ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ချီဖွေမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင်များ နှင့်ဌာနဆိုင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်ရာတွင် စားသုံးသူများ တစ်ဦးနှင့်တစ်ဦး အကာအကွယ်များဖြင့် စားသောက်နိုင်ရန် စီစဉ်ထားမှုရှိမရှိ၊ ဆိုင်ဝန် ထမ်းများ နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်စေရေး၊ ကျန်းမာရေးနှင့် ညီညွှတ်စွာ သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ် ရောင်းချမှု ရှိ/မရှိတို့ကို ရှောင်တခင် စစ်ဆေးခြင်း လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ထားသည့် စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ခြင်း မရှိသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ပထမအကြိမ်တွင် သတိပေးခြင်း၊ ဒုတိယအကြိမ်တွင် ဒဏ်ငွေချမှတ်ခြင်း၊ တတိယအကြိမ် မလိုက်နာပါက ကာလအကန့်အသတ် တစ်ခုအထိ ဆိုင်ပိတ်သိမ်းခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဆိုင်ပိုင်ရှင်များ အနေဖြင့် ချီဖွေမြို့နယ် အတွင်း၌ ကိုဗစ်-၁၉ရောဂါ ဒုတိယလှိုင်း မဖြစ်ပေါ်စေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများအား ပူးပေါင်းပါဝင် ကူညီဆောင်ရွက် စေလိုကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇောင်းရယ် က အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)