မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပေါက်  ဩဂုတ်   ၂၆

မကွေးတိုင်းဒေသကြီးပေါက်မြို့နယ်၌၂၀၂၀ ပြည့်နှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်၂၅ရက် ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန ရွှေပေါက်ပင် ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး၊ ဦးသန့်ဇော်က မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေး၊ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သူများ အမှန်တကယ် မဲပေးနိုင်မှုရှိ၊မရှိနှင့် မဲရုံများတွင်လိုအပ်သည့် စီမံဆောင်ရွက်မှုများကို ကြိုတင်စီမံ ဆောင်ရွက်ထား မှု ရှိစေရေး၊ရပ်ကွက်/ ကျေးရွာ အလိုက် တာဝန်ယူဆောင်ရွက်ကြမည့် ဌာန ဆိုင်ရာဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျမဲရုံများကို ကြပ်မတ်ဆောင်ရွက် နိုင်ရေး အတွက် အလေးထားစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသောင်းငွေက မြေပြင် ကွင်းဆင်း စိစစ်ရေးအဖွဲ့ ကွင်းဆင်း စစ်ဆေးမှုအခြေအနေနှင့်ပထမအကြိမ်မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအပေါ် ပုံစံ (၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ဖြင့် လျှောက်ထားလာသည့် မဲဆန္ဒရှင် စာရင်းများအား ထည့်သွင်းခြင်း၊ ပယ်ဖျက် ခြင်း၊ ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် လာမည့်  ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးကို အလေးထား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအရာရှိ ဒေါ်ဇင်မာသက်တို့က ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်းမပြုမီ မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံး စေရေး၊ အချက်အလက် ပြည့်စုံမှန်ကန်ရေးအတွက် မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုအလိုက် ‌ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ကြရန်နှင့် ကွင်းဆင်း ဆောင်ရွက်ရာ တွင် လိုက်နာရမည့်အချက်များကို ရှင်းလင်း ဆွေးနွေး ပြောကြား ခဲ့သည်။

အစည်းအဝေးသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက် ဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။

ဉာဏ်တိုး(ပြန်/ဆက်)