လက်ပံတန်း ဩဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ယမန်နေ့က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ မြို့နယ်ရှိ ဆေးဆိုင်များ၊ အလှကုန်ဆိုင်များနှင့် စတိုးဆိုင်များအား ကွင်းဆင်းစစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် အလှကုန်ဆိုင်နှင့် စတိုးဆိုင်များအား တားမြစ်ထားသော သုံးစွဲရန်မသင့် အလှကုန်ပစ္စည်းများ ရောင်းချ နေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး၍ ဆေးဆိုင်များအား စစ်ဆေးရာတွင် ဆေးဆိုင်များတွင် တရားမဝင် ဆေးဝါးများ၊ သက်တမ်း လွန်ဆေးဝါးများ၊ စပ်ဆေးများ ရောင်းချနေခြင်း ရှိ/မရှိ၊ Good Pharmacy Practice (GPP) နှင့်အညီ ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
စစ်ဆေးရာတွင် ပဋိဇီဝဆေးယဉ်ပါးမှု အန္တရာယ်မှကာကွယ်ရန် ဆေးဝါးရောင်းချသူများ အနေဖြင့် OTC နှင့် POM ဆေးဝါးများ ခွဲခြား ရောင်းချရန် အသိပညာပေး ပြောကြားခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းကို ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဦးကောင်းမြတ်ထွန်း ဦးဆောင်၍ လက်ပံတန်း မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များ အတူလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး