တမူး သြဂုတ် ၂၆
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တမူး-မိုးရေး အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊ အမှတ်(၁)စစ်ဆေးရေးဂိတ်မှ ယမန်နေ့ နေ့လယ် ၂နာရီခွဲ အချိန်က နေရပ်ပြန် ပြည်သူ (၅၉)ဦး ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူများအား တမူးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး ဦးအောင်မျိုး၊ ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးသိန်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက နယ်စပ် စစ်ဆေးရေး ဂိတ်တွင် လ.ဝ.ကလုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ခြင်း၊ ကိုယ်အပူချိန်တိုင်း တာစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်း (Mask)များ ပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပြီးတမူးမြို့၊ နယ်စပ်လမ်းဖောက်လုပ်ရေးစခန်း (BRTF)Quarantine Centre တွင် ကန့်သတ် စောင့်ကြည့်ရန် ပို့ဆောင်ခဲ့ပြီးလည်းကောင်းတို့၏ အာခေါင်တို့ဖတ်နမူနာများအား မန္တလေးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပို့ဆောင် စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများမှာ ရက်ကန်းရက်လုပ်သူများ၊ ဆေးကုသမှုခံယူရန် သွားရောက်သူများ၊ အလည်အပတ် သွားရောက်သူများ၊ ဘာသာရေး သင်တန်းတက်ရောက်ရန် သွားရောက်သူများ ဖြစ်ပြီး တမူးမြို့နယ်စပ်ဂိတ်မှ သြဂုတ်လ(၂၅)ရက်နေ့အထိ နေရပ်ပြန်ပြည်သူ(၃၆၄)ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)