လောင်းလုံး ဇန်နဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က သမဝါယမ အသင်းစုလီမီတက်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမ အသင်းစုလီမီတက်သဘာပတိ ဦးကြီးမြင့်မှ အဖွင့်အမှာ စကားပြောကြားရာ၌ သမဝါယမ ဌာနသည် နိုင်ငံတော်နှင့် ပြည်သူလူထုများကိုဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ဆောင်ရွက် ပေးတာပဲဖြစ်ပါတယ်၊ သမဝါယမရှိတဲ့ ငွေများကို တိုးတက်အောင် ဆောင်ရွက်ပေးကြပါ၊ ချေးငွေများကို ကျေအောင် ပြန်လည်ဆပ်ပေးကြပါလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဝင်းက ပြောကြားရာ၌ သမဝါယမ လုပ်ငန်းတာဝန်များကို ဥပဒေ၊ နည်းဥပဒေ၊ အသင်းစည်းကမ်းဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ မြို့နယ်အသင်းစုအနေဖြင့် ချေးငွေလုပ်ငန်း၊ အသင်းဆိုင် ဌားရမ်းခြင်းလုပ်ငန်း၊ စီဘီချေးငွေလုပ်ငန်းများ လုပ်ကိုင်နေခဲ့ပါတယ်၊ ချေးငွေလုပ်ငန်းအနေဖြင့် အသင်း(၁၇) သင်းထံမှ EB ချေးငွေသိန်း (၈၁၃) ကျော်ဟာ အခု အစည်းအဝေး ကျင်းပနေချိန်အထိ အသင်း (၃) သင်းထံ မှသိန်း (၁၅၄)သာကျန်ရှိပြီဖြစ်ပါတယ်၊ မကြာမီ အပြီးပြတ် အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ မြို့နယ်အသင်းစုအနေဖြင့် ယနေ့ကာလမှာ လုပ်ငန်းသစ်များ မထူထောင်ပါက ပေါ့ပေါ့ပါးပါး သွားနိုင်မဲ့အနေအထားရှိကြောင်းနှင့် ဒုတိယပိုင်း အစည်းအဝေးဖြစ်တဲ့ နောင် (၅) နှစ်တာကာလအတွက် မြို့နယ်အသင်းစုအနေဖြင့် တက်ရောက်လာကြသော အသင်းကိုယ်စားလှယ်များထဲမှ လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ပြီး မြို့နယ် အတွင်း အခြေခံအသင်းပေါင်း (၄၁) သင်းရှိတဲ့အနက် (၃၁)သင်းကို အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကျင်းပြီး အသင်းကိုယ်စားလှယ်များရွေးချယ်သွားမည်ဖြစ်ပါတယ်၊ ရွေးချယ်ခံရသူများအနေဖြင့် ကိုယ့်မြို့နယ်တိုးတက်အောင် ပါဝင်ပြီး အမှုဆောင်အဖြစ် တာဝန်ယူရပါက မိမိမြို့နယ်အတွင်း အခြေခံသမဝါယမအသင်းအားလုံး တိုးတက်အောင် မြို့နယ်သမဝါယမ ဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော အသင်းဥက္ကဋ္ဌ၊ အသင်းသူ/အသင်းသားများက မိမိတို့နှင့် သက်ဆိုင်ရာ အခန်းကဏ္ဍများကို တင်ပြဆွေးနွေးသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ ဒုတိယလက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ တိုင်းသမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ လောင်းလုံးမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုလီမီတက် ဥက္ကဋ္ဌ ဦးကြီးမြင့်၊ ဒု-ဥက္ကဋ္ဌ ဒေါ်လှမြင့်နှင့် အသင်းသူအသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)