ပဲခူးမြို့၌ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်

ပဲခူး ဇန်နဝါရီလ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေးရေးအတွက် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်(၀၉:၀၀)နာရီအချိန်က ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်များသို့ လှည့်လည်အသိပညာပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ လှည့်လည် အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့် စိုးရိမ်ရသည့် မျိုးကွဲဖြစ်သည့်အတွက် ပဲခူးမြို့ပေါ်ရှိ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိနေအိမ်အတွင်းမှာသာ နေထိုင်ကြရန်၊ လူစုလူဝေးကိုရှောင်ကြဉ်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ကြရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး()ပေအကွာမှသာ နေထိုင်ပြောဆိုကြရန်၊ လက်တွင်ကပ်ပါလာနိုင်သော ဗိုင်းရပ်စ်ပိုးကို ပျက်စီးစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောကြရန်၊ မိမိနေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းရှောင်ကြရန်၊ မိမိတို့နေအိမ်များကို ပြတင်း တံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်း‌အောင် ပြုလုပ်ရန် စသည့် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်စေရန် မြို့ပေါ်လူစည်ကားရာ နေရာများ၊ စျေးများနှင့် လမ်းဆုံလမ်းခွများတွင် အသိပေးနှိုးဆော် ကြေညာလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)