ကျောင်းကုန်း ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများသောက်သုံးရေ အဆင်ပြေချောမွေ့စေရေးအတွက် သောက်ရေစင်နှင့်ရေစည်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က အ.ထ.က(၁)ဝန်းရှိ အနာဂတ်ပန်းခင်းစာကြည့်တိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
သောက်ရေစင်နှင့် ရေစည်ဆောက်လုပ်ရန် အလှုရှင် (ဦးသိန်းမောင်) သုဓမ္မမဏိဇောတဓရ (လူမှုထူးချွန်တတိယဆင့်)+ ဒေါ်တင်လှ (ရွှေလမင်း ဆေးလိပ်ခုံ) မိသားစုတို့မှ တန်ဖိုးငွေကျပ် (၂၃)သိန်းကို ဦးသော်စီလွင်က ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းက လက်ခံရယူခဲ့ပြီး၊ အလှုရှင်ဦးသော်စီလွင်က ပန္နက်တင်မင်္ဂလာပြုလုပ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့သည်။
အဆိုပါပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ကျောင်းအကျိုးဆောင် နာယကကြီးများ၊ ကော်မတီဝင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မများ တက်ရောက်ခဲ့ကြသည်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ လ (၈) ရက်နေ့ကလည်း ကွယ်လွန်သူ သုဓမ္မမဏိဇောတဓရ လူမှုထူးချွန်တတိယဆင့်ရ ဖခင် ကြီး ဦးသိန်းမောင် (၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မိခင်ကြီးဒေါ်တင်လှ (ရွှေလမင်းဆေးလိပ်ခုံ) မိသားစုမှ မြို့နယ်ပြည်သူ့ဆေးရုံသို့ ထာဝရဆေးပဒေသာပင်အဖြစ် ငွေကျပ်သိန်း(၁၀၀) လှုဒါန်းခဲ့ကြောင်းသိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)