ထားဝယ်မြို့တွင် ရှေးဦးပြုစုခြင်းနည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

ထားဝယ်  ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် က ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး က၁၈၅၉ ခုနှစ်၊ ဆိုဖာရီနို စစ်မြေပြင်ကအစပြု၍ လူသားများ၏ လူမှုကရုဏာလိုအပ်ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းကူညီပေးနေခဲ့သည့်အတွက် ကြက်ခြေနီ၏ တည်ရှိမှုသက်တမ်းသည် နှစ်ပေါင်း (၁၅၀)ကျော်ခဲ့ပြီး ယခုဆိုရင်ကမ္ဘာ့နိုင်ငံအစိုးရများက ဖွဲ့စည်းထားသော အမျိုးသားကြက်ခြေနီ၊ လခြမ်းနီအသင်းပေါင်း (၁၉၂) နိုင်ငံရှိနေပြီဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ (၁၀) မြို့နယ်မှ ကြက်ခြေနီ စေတနာ့လုပ်အားရှင်အသင်းဝင်/ တပ်ဖွဲ့ဝင်များ (၂၀၂၀) မှ ယနေ့အထိ ကိုဗစ် ၁၉ထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများတွင်  ကပ်ရောဂါဘေးဆိုးကြီးကို ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ဆောင်ရွက်ပေးခဲ့သည်ကိုလည်း အထူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ နိုင်ငံတော်အစိုးရက လိုအပ်သောအကူအညီများကို သက်ဆိုင်ရာဝန်ကြီးဌာနများကတစ်ဆင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တနင်္သာရီတိုင်းအတွင်းရှိ ကြက်ခြေနီအသင်းများ၏ လုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်နိုင်ရန် လူငယ်၊ လူရွယ်အများအပြား လိုအပ်လျက်ရှိပြီး ကျေးရွာအဆင့်ထိ ကြက်ခြေနီအသင်းခွဲငယ်များ ဖွဲ့စည်းထား ရှိရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးရှိ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်ရှိ အိမ်တိုင်း၊ လူတိုင်း ရှေးဦးပြုစုခြင်းပညာကို တတ်မြောက်ရန် အနာဂတ်မျိုးဆက်သစ် လူငယ့်ခေါင်းဆောင် စေတနာ့လုပ်အားရှင် မောင်မယ်များအားလုံး ကြက်ခြေနီ၏ အခြေခံဥပဒေနှင့်အညီ ပြည်သူများအား ဆက်လက် မျှဝေပေးပါ ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထိုနောက်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မမလေးက  သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူ တို့က စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

သင်တန်းတွင် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးအား ဇန်နဝါရီ ၂၈ ရက်နေ့အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးမှာဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)