တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြုတနင်္သာရီမြို့နယ် လှေလှော်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်၍ အန္တရာယ်ကင်းရေး ပရိတ်တရားရွတ်ဖတ်ပေး

တနင်္သာရီ ဇန်နဝါရီလ ၂၀

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် လှေလှော်ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ရွေးချယ်ခံ တနင်္သာရီမြို့နယ် လက်ရွေးစင်မျိုးသား/အမျိုးသမီးလှေအသင်းများအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ၁၉ရက် မွန်းလွှဲ၃နာရီ၄၅အချိန်က မြို့မအားကစားရုံအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ အေးနိုင်မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ နည်းပြစောကာလက်၊ မြို့နယ်အမျိုးသားအသင်းအုပ်ချုပ်သူ ဦးသန်းစိုးဝင်း၊ အမျိုးသမီးအုပ်ချုပ်သူ ဒေါ်ပပထွန်း(မြို့နယ်အား/ကာမှူး)၊ ပြိုင်ပွဲဝင်လှေလှော်သမား(၃၃)ဦးနှင့် မြို့မိမြို့ဖများ စုစု ပေါင်း(၄၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည် ။

အခမ်းအနားမှာ လှေလှော်အားကစားသမား(၃၃)ဦးမှ တစ်ဦးချင်းမိတ်ဆက်ပေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးနိုင်က အားကစားသမားများအား တိုင်းဒေသကြီးကိုယ်စားပြု ယှဉ်ပြိုင်အောင်နိုင်ရေးအတွက် လမ်းညွှန်အမှာစကားပြောကြားပြီး အောင်နိုင်ရေးအလံအား အသင်းအုပ်ချုပ်သူထံ ပေးအပ်သည်။ထို့နောက် လက်ရွေးစင်လှေလှော်အသင်းအတွက် မောတောင်မြို့ အားကစားကော်မတီမှထောက်ပံ့ငွေ(၁၅၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်လှေလှော်အသင်းအား နည်းစနစ်မှန်ကန် စွာ လှော်ခတ်နည်းများ လာရောက်နည်းပြပေးနေသည့်မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှနည်းပြ ဦးစောကာလတ်ထံ ထောက်ပံ့ပေးသည့် ထောက်ပံ့ ငွေ(၄)သိန်းကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်က လွှဲပြောင်း ပေးအပ်ပေးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့-ဥက္ကဋ္ဌက လှေလှော်သားများ လေ့ကျင့်သည့်ဖိုင်ဘာလှေ‌အား ကြည့်ရှု၍ လေ့ကျင့်မှုအခြေအနေများနှင့် မျှော်မှန်းချက်များအား မြို့နယ်အား/ကာမှူး ဒေါ်ပပထွန်းက ရှင်းပြခဲ့သည်။

ထိုနောက် ညနေ၄နာရီ၃၀အချိန်တွင် ၎င်းမြို့မအားကစားခန်းမအတွင်းမှာ ပင်ချောင်းကြီးရပ်ကွက်- လုံးခရမ်းဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တဝရသာမိနှင့် သံဃာတော်(၃)ပါးမှ ပြိုင်ပွဲဝင်သွားရောက်ယှဉ်ပြိုင်မည့် လှေလှော်အသင်းသူ/သားများနှင့် အုပ်ချုပ်သူ/နည်းပြတို့အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး အောင်ပွဲရရှိနိုင်စေရန်အတွက် ငါးပါးသီလဆောက်တည်၍ အန္တ ရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပေးတော်မူခဲ့ကြောင်း သိရှိရသည် ။

ထိန်ဝင်း(ပြန်ဆက်)