တနင်္သာရီ ဇန်နဝါရီလ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မိဘပြည်သူများ၏ အသက်အိုးအိမ်နှင့် စည်းစိမ်များ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာရမည့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ အစဉ်ဆက်မပြတ် ဆက်လက်ဆောင် ရွက်လျက်ရှိရာ ဇန်နဝါရီလ ယမန်နေ့ည ၈ နာရီအချိန်က ဦးစီးအရာရှိ ဦးမျိုးမျိုးနိုင်နှင့် ဝန်ထမ်းများက ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ် ရပ်ကွက်အတွင်း လမ်းများနှင့် ဆင်ခြေဖုန်းကျေးရွာအုပ်စု လယ်တောင်ယာကျေးရွာအထိ မီးသတ်မော်တော် ယာဉ်ဖြင့် လှည့်လည်၍ အသံချဲ့စက်ဖြင့် လှုံ့ဆော်အသိပေးကြေငြာကြောင်း သိရှိရသည်။
ထိုသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ အသိပေးကြေငြာပေးရာတွင် ယခုအခါ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိမိအိမ်၌ သုံးစွဲထားသော မီးဖိုမီး၊ လျှပ်စစ်မီး၊ ဖယောင်းတိုင်မီးများ၊ ခြင်ဆေးခွေကို စနစ်တကျ ငြှိမ်းသတ်ပြီးမှ အိပ်ကြရန်နှင့် မိမိတို့ နေအိမ်၌ မီးချိပ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများကို စနစ်တကျ ပြုလုပ်ထားကြရန်၊ မိမိတို့ နေအိမ်ပတ်ဝန်းကျင်ရှိ အမှိုက်များ၊ ကွမ်းသီးခွံများကို လုံးဝ(လုံးဝ)မီးမရှို့ကြရန် တွေ့ရှိပါက အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီစသည့် စက်သုံးဆီများကို မြို့အတွင်း၌ သိုလှောင်ခြင်း၊ ရောင်းချခြင်း (လုံးဝ) မပြုလုပ်ရန် တွေ့ရှိပါက မီးသတ်တပ်ဖွဲ့ဥပဒေ ပုဒ်မ-၂၆နှင့်ပုဒ်မ-၃၂အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည် ဟု အသိပေးကြေငြာချက်တွင် ဖော်ပြပါရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)