အထက်မင်းလှ ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ရှိပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်အတွက် မင်းလှမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဇေသီယျာသီရီဈေး မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့နေ့လယ် ၃ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးလင်းက သဘာဝဘေး အန္တရာယ်ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးနေမှုများ ရုတ်တရက် မီးဘေး အန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဗူးကိုင်တွယ်အသုံးပြုနည်းအဆင့်ဆင့် တို့ကို ရှင်းလင်း ပြောကြားပြီး ဆီမီးလောင်မှုအား လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခဲ့ရာ ဈေးသူ၊ ဈေးသား များ မှလည်း လက်တွေ့စမ်းသတ်မီးငြှိမ်းသတ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် (၂)စီးဖြင့် ဇေယျာသီရိဈေးအား လက်တွေ့ ရေပက်ဖျန်း၍ သရုပ်ပြသခဲ့ သည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှု ဆောင် အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှမြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင် များက ဇေယျာသီရိဈေး အတွင်းမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဈေးအတွင်း လမ်းများ မီးသတ်ကားဝင်/ထွက်သွားလာနိုင်မှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှလိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)