ဘောလခဲ သြဂုတ် ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းစဉ်နှင့်ဥပဒေ၊ နည်းဥပဒေများအား ခရိုင်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီအဖွဲ့ဝင် (၁၉)အဖွဲ့အား ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဘောလခဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်လှကြည်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲ အရာရှိ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်လင်းက ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဘောလခဲ ခရိုင်၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမည့် ပါတီများနှင့် ပါတီကိုယ်စားလှယ်လောင်းများအား ရွေးကောက်ပွဲကာလအတွင်း မလိုလား အပ်သော အငြင်းပွားမှုပြဿနာများ မဖြစ်ပွားစေရေးအတွက် ကြိုတင်ညှိနှိုင်းချပြ ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ မကြာခင် မဲဆွယ် စည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲကာလအတွင်း ပါတီအချင်းချင်း အပြန်အလှန် ရိုသေလေးစားစွာဖြင့် တရားမျှတစွာ ပါဝင်ယှဉ်ပြိုင် စေလိုကြောင်းနှင့် ပါတီအသီးသီး၏ ကိုယ်စားလှယ်များ သိရှိလိုက်နာရမည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ပါတီကိုယ်စားလှယ်လောင်းများက မိမိတို့သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြကာ ခရိုင် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လှရွှေ