မင်းဘူး ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာတွင် မိသားစု စားဝတ်နေရေး အဆင်ပြေစေရန် ဘူးနှင့် ငှက်ပျော သီးညှပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးထားကြည့်ရာ အပင်ပေါက်ကောင်းပြီး ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ငှက်ပျောပင်ပေါက်ကလေးများကို တစ်ပင်နှင့်တစ်ပင် ငါးပေခြားကာ စိုက်ပျိုးပြီး ငှက်ပျော တစ်ပင်နှင့် တစ်ပင် အကြားတွင် မြေကွက်လပ်များ မရှိစေရန် ဘူးစေ့များကို တွင်းတူးပြီး မျိုးစေ့ချ စိုက်ပျိုးထား လေသည်။ ဘူးပင်များကို ပိုးမလိုက်စေရန် ဝါသည့်အရွက်များနှင့် ပိုးကျသည်ထင်သည့် အရွက်များကို အမှိုက်တောင်း ထဲထည့်ခြင်း (သို့) မီးရှို့ပစ်ခြင်းမျိုးများ ပြုလုပ်၍ ရှင်းလင်းပေးရသည်။
ငှက်ပျောပင်များလည်း ထိုနည်းတူ ဝါသည့်အလက်များနှင့် ရွက်ခြောက်များကို ပုံမှန်ရှင်းပေးရပြီး နွေရာသီတွင် တစ်ပတ်တစ်ခါ ရေသွင်းပေးခြင်းဖြင့် အပင်အားကောင်းလာပြီး သားတက်များ ပုံမှန်ထွက်သလို ငှက်ပျောခိုင်နှင့် ငှက်ပျောသီးများလည်း ချောလာပေမည်။ ငှက်ပျောပင်များသည် အပူရှိန်များခြင်းနှင့် ရေငတ်သည့်ဒဏ်ကို ခံနိုင်ခြင်းမရှိသလို ရေဝပ်လျှင်လည်း အရွက်များဝါလာကာ ငှက်ပျောပင်သေတတ်သည်။ အစိုဓာတ်အနည်းငယ်နှင့် အေးသောရာသီဥတုကို နှစ်သက်သောကြောင့် မိုးတွင်း၊ ဆောင်းတွင်းကာလ များတွင် ပို၍ဖြစ်ထွန်းသည်။
သီးမွေးငှက်ပျောသည် ဖီးကြမ်းငှက်ပျောနည်းတူ တစ်ဖီးလျှင် ၈၀၀/၉၀၀ ရောင်းချရပြီး အဖီးချောလျှင် ၁၀၀၀၊ ၁၂၀၀ ဈေးလည်းရသည်။ ဘူးပင်များမှာလည်း တစ်ညွန့်လျှင် ၁၀ ကျပ်ရောင်းချရပြီး၊ ဘူးသီးတစ်လုံး ၂၀၀/၃၀၀ ရောင်းချရသောကြောင့် ယခုနှစ်မှ ဘူးနှင့်ငှက်ပျော သီးညှပ်စိုက်ပျိုးခြင်းဖြင့် အတူတူရော စိုက်ပျိုးကြည့်သော်လည်း အပင်ပေါက်များကောင်းပြီး ဖြစ်ထွန်းလျက်ရှိကြောင်း ကျောက်တန်းကျေးရွာ သီးမွေးငှက်ပျော စိုက်ပျိုးသူ ဒေါ်ကေသီထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)