ကရင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

လှိုင်းဘွဲ ဩဂုတ် ၂၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာတွင် ဩဂုတ်လ(၂၃)ရက်နေ့က သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့နေရာချထားသော ရေဘေးသင့် ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ရွှေဂွန်းကျေးရွာ အထက်ဘုန်တော်ကြီး ကျောင်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော အိမ်ထောင်စု (၆၂၀) စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၄)ပြည်၊ ဆီ(၁)ပိသာ၊ ကြက်သွန်နီ(၅၀)သား၊ ကြက်သားထုပ်(၃)ထုပ်ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောင်းရွှေ့အိမ်ထောင်စု (၃၃၀) စုအတွက် လူတစ်ဦးလျှင် (၂၁၀၀) ကျပ်နှုန်း၊ အိမ်ထောင်စု တစ်စုလျှင် ဂေါ်ဇီလာဆပ်ပြာ(၁)ထောင့်တို့ကို ကရင်ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်က ပြည်သူများ လက်ဝယ်အရောက် တစ်ဦးချင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ ကရင်ပြည်နယ် လွှတ်တော်ဉက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုပြည်နယ်ဦးစီးအရာရှိ ဦးစည်သူ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ လှိုင်းဘွဲမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးဆန်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)