ပေါက်ခေါင်း ဇန်နဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်း ချည်မျှင်ချည်ဝါ အများဆုံးစိုက်ပျိုးသော စောကဲကျေးရွာနှင့် အခြားကျေးရွာတို့တွင် ဝါစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းပြီး၊ ချည်မျှင်ချည်ဝါ ဈေးကွက်မှာ ယခင်နှစ်ကထက် ပိုမိုရရှိကြောင်း ဝါစိုက်တောင်သူများ ထံမှ သိရသည်။
အဆိုပါကျေးရွာ ဒေသခံတောင်သူများအနေဖြင့် ဝါသီးနှံအပြင် အခြားသီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်း၊ နှမ်း၊ စပါး စသည်တို့ကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ယခုချည်မျှင် ချည်ဝါကိုလည်း အခြားသီးနှံများနည်းတူ စိုက်ပျိုးထားရှိရာ ဒီဇင်ဘာလ အလယ် လောက်မှစတင်ခူးဆွတ်လျက်ရှိကြောင်း သိရသည်။
“ချည်မျှင်ချည်ဝါကိုတော့ နှစ်တိုင်းလိုစိုက်ဖြစ်တယ်၊ ယခင်နှစ်တွေကတော့ ဝါတစ်ပိဿာကို ၁၄၀၀၊ ၁၆၀၀ ကျပ်လောက်ထိ ရောင်းရပြီး ခုနှစ်တော့ တစ်ပိဿာကို ၂၂၀၀ ကျပ်ထိရောင်း ရတယ် ဈေးကောင်းရတယ်လို့ ဆိုရမှာပေါ့”၊ တစ်ဧကကို ဝါပိဿာ ၇၀၀ ကျော်ထွက်ရှိပြီး ဝယ်သူကတော့ ရွာအရောက်လာဝယ်ယူပြီး ရွာမှာအဝယ်ဒိုင်ဖွင့်ထားတော့ အဆင်ပြေတယ် ဟု ဝါ၄ ဧက စိုက်ပျိုး ထားသည့် စောကဲကျေးရွာတောင်သူ ထံမှသိသည်။ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း ဝါစိုက်ဧက ၆၇၀၀ ကျော် စိုက်ပျိုး ထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှသိရသည်။
သန်းထွန်းအောင်