ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာသည့်အချိန်တွင် ခန္တီးခရိုင်အတွင်း အချက် အလက် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် တင်သွင်းသူ ၁၄၀၀၀ ကျော်ရှိ

ခန္တီး  သြဂုတ်  ၂၆

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာသည့် အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်းအတွင်းရှိ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်မှ အချက်အလက် ဖြည့်စွက်ပေးရန် တင်သွင်းသူ (၈၈၅၅) ဦး၊ အချက်အလက်ပယ်ဖျက်ပေးရန် တင်သွင်းသူ (၂၀၀၂) ဦးနှင့် အချက်အလက်ပြင်ဆင်ပေးရန်တင်သွင်းသူ (၃၉၇၄) ဦးရှိပြီး အချက်အလက် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် တင်သွင်းသူပေါင်း (၁၄၈၃၁) ဦးရှိကြောင်း ခန္တီးခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ့ရုံးမှ သိရသည်။

ပထမအကြိမ် မဲဆန္ဒရှင်းစာရင်း ကပ်ထားကြေညာခဲ့သည့် ကာလအတွင်း မဲဆန္ဒရှင် ပြည်သူ လူထုမှ ကပ်ထားကြေညာသည့် မဲစာရင်းအပေါ် ပြန်လည် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် လိုအပ်သည့် အချက်များကို သတ်မှတ်ပုံစံများအတိုင်း လျှောက်လွှာတင်သွင်းခြင်းဖြစ်ရာ ခန္တီးမြို့နယ်မှ အချက်အလက်ဖြည့်စွက်ပေးရန် ပုံစံ (၃) ဖြင့် လျှောက်ထားသူ (၂၁၆၇) ဦး၊ ပယ်ဖျက်ပေးရန် ပုံစံ (၄) ဖြင့် လျှောက်ထားသူ (၉၉၇) ဦးနှင့် အချက်အလက်ပြင်ဆင်ပေးရန် ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူ (၁၄၃၇) ဦး၊ ပေါင်း (၄၆၀၁) ဦး၊ ဟုမ္မလင်းမြို့နယ်မှ အချက်အလက် ဖြည့်စွက်ပေးရန် ပုံစံ (၃) ဖြင့် လျှောက်ထားသူ (၆၆၈၈) ဦး၊ ပယ်ဖျက်ပေးရန် ပုံစံ (၄) ဖြင့် လျှောက်ထားသူ (၁၀၀၅) ဦးနှင့် အချက်အလက်ပြင်ဆင်ပေးရန် ပုံစံ (၄-ဂ) ဖြင့် လျှောက်ထား သူ (၂၅၃၇) ဦး၊ ပေါင်း (၁၀၂၃၀) ဦးရှိပြီး ခရိုင်ချုပ်အနေဖြင့် ဖြည့်စွက်ပေးရန် တင်သွင်းသူ (၈၈၅၅) ဦး၊ ပယ်ဖျက်ပေးရန် တင်သွင်းသူ (၂၀၀၂) ဦးနှင့် အချက်အလက် ပြင်ဆင်ပေးရန် တင်သွင်းသူ (၃၉၇၄) ဦး အချက်အလက် ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်ပေးရန် တင်သွင်းသူပေါင်း (၁၄၈၃၁) ဦးရှိကြောင်း သိရသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲတွင် ခန္တီးခရိုင်အတွင်း၌ နိုင်ငံရေးပါတီ (၉) ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမအကြိမ် ကပ်ထားကြေညာသည့် မဲစာရင်းအရ ခန္တီးမြို့နယ်တွင် မဲဆန္ဒရှင် (၂၈၄၈၄) ဦး၊ ဟုမ္မလင်းမြို့နယ်တွင် မဲဆန္ဒရှင် (၁၅၂၉၀၂) ဦး၊ ပေါင်း (၁၈၁၃၈၆) ဦးရှိကြောင်း ခန္တီးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ရုံးမှ သိရသည်။

အမ်းအင်းလမ်း (ပြန် /ဆက်)