မယ်စဲ့မြို့နယ်တွင် ဒေသထွက် ငရုတ်သီးများ ဆွတ်ခူးချိန် ဈေးကောင်းရရှိ

မယ်စဲ့ ဇန်နဝါရီ ၁၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် တောင်ယာများ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုး ထားသည့် ဒေသထွက် ငရုတ်သီးများ ဆွတ်ခူးချိန် ဈေးကောင်းရရှိသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေကြောင်း သိရသည်။

မယ်စဲ့ဒေသရှိ တောင်ယာများ၌ နှမ်းကြဲချိန်တွင် သီးညှပ်အဖြစ် ငရုတ်ကိုပါ ရောကြဲပြီး စိုက်ပျိုးကြ သည်။ နှမ်းခုတ်ချိန် ပေါင်းလိုက်ပြီးပါက ငရုတ်အသီးအပွင့်များ ထွက်လာသည်။ အများအားဖြင့် ဒေသထွက် ငရုတ်သည် မြေအစိုဓာတ်ဖြင့်သာ ကြီးထွားပြီး အပင် ၃ လသား၌ အပင်သန်ဆေး၊ အသီးသန်ဆေးနှင့် ပိုးသတ်ဆေးတို့ကို ဖျန်းပေးရသည်။ ငရုတ်ခင်းအတွင်း ပေါင်းမြက်များရှိပါက ပေါင်းလိုက်ပေးရသည်။ ငရုတ်မျိုးအနေဖြင့် ကုလားအော်ကို အများဆုံး စိုက်ပျိုးကြပြီး စပ်သည့် အတွက် ဒေသခံပြည်သူများက ကြိုက်နှစ်သက်ကြသည်။ ငရုတ်သီးကို ဇူလိုင်၊ ဩဂုတ်လတွင် စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလတွင် စတင်ဆွတ်ခူးကြသည်။ ဒီဇင်ဘာလတွင် ငရုတ်သီးများ လှိုင်လှိုင်ပေါ် ချိန်ဖြစ်ရာ ငရုတ်သီးအခြောက် တစ်ပိဿာကို ကျပ် ၁၅၀၀၀ ဈေးနှုန်းရရှိပြီး ကုန်စုံဆိုင်များတွင် အညှာချွေပြီး ငရုတ်သီး တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ အထိ ဈေးနှုန်းရှိကြောင်း သိရသည်။ ဒေသထွက်ငရုတ်သီးကို နမ့်မန်း၊ ဝမ်ကန်၊ မယ်စဲ့၊ ဟိုစဲ့၊ ပန်တိန်း၊ နမ့်ဟူး၊ မယ်ဆည်နမ်၊ ကျောက်စု ကျေးရွာတို့၌ တစ်ပိုင်တစ်နိုင်သာမက အချို့က စီးပွားဖြစ်စိုက်ပျိုးကြသည်။

ယခုနှစ် ငရုတ်ပေါ်ချိန် ဘောလခဲ၊ ဖားဆောင်း၊ မော်ချီးတို့မှ လာရောက်ဝယ်ယူမှု များပြားသလို အိမ်နီးချင်းထိုင်းနိုင်ငံမှလည်း လာရောက်ဝယ်ယူသည့်အတွက် ငရုတ်သီးများ ဈေးကောင်းရရှိပြီး ငရုတ်စိုက်တောင်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)