ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာ၌ “ သီးနှံအထွက်နှုန်း တိုးစေဖို့ မျိုးကောင်းမျိုးသန့် သုံးစွဲစို့  ”ခေါင်းစဉ်ဖြင့် တောင်သူလယ်သမားအစုအဖွဲ့ဆွေးနွေးပွဲကျင်းပ

ပုလဲ သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊   ပုလဲမြို့နယ်၊ ပုထိုးသာကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာ၌ ယမန်နေ့ မွန်းလွဲ  ၂နာရီက “ သီးနှံအထွက်နှုန်း တိုးစေဖို့ မျိုးကောင်းမျိုးသန့် သုံးစွဲစို့  ”ခေါင်းစဉ်ဖြင့်  တောင်သူလယ်သမားအစုအဖွဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုးက ဒေသတွင်း တောင်သူများ တွေ့ဆုံနိုင်ရန်၊ တောင်သူများ၏ တစ်ဦးချင်း အတွေ့အကြုံများကို ဖလှယ်နိုင်ရန်၊ တောင်သူများ၏ အခက်အခဲ ပြဿနာများ ကိုသိရှိပြီး ဖြေရှင်း ပေးနိုင်ရန်နှင့် တောင်သူများ၏ စွမ်းဆောင်ရည မြင့်မားလာစေရေးကိုရည်ရွယ်၍ တောင်သူလယ်သမားအစုအဖွဲ့ ဆွေးနွေးပွဲကို ပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဦးစီးအရာရှိ ဦးဇော်မင်းဦးက သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ  ပါဝင်သည့် နံရံကပ်ပိုစတာများကို လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန   ဦးစီးအရာရှိ   ဦးဇော်ဝင်းစိုးက  ဘက်စုံပိုးမွှားရောဂါကာကွယ်ရေး တောင်သူ လက်စွဲစာအုပ်နှင့် ကောက်ရိုးမှို စီးပွားဖြစ်မျိုးထုတ်နည်း၊ စိုက်ပျိုး နည်းစာအုပ်များကိုလည်းကောင်းပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့သည်။

ထို့နောက် တောင်သူများက “သီးနှံအထွက်နှုန်း တိုးစေဖို့ မျိုးကောင်းမျိုးသန့် သုံးစွဲစို့ ”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး တောင်သူများ၏  ဆွေးနွေးမှုများအပေါ်   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းစိုး က ခြုံငုံသုံးသပ်၍ ပြန်လည်ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့  ပုထိုးသာကျေးရွာနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူ ၂၂ဦး တက်ရောက် ခဲ့ကြောင်းနှင့်  တောင်သူလယ်သမားအစုအဖွဲ့ ဆွေးနွေးပွဲများကို  ပုလဲမြို့မနည်းပညာပြန့်ပွားရေးစင်တာ၊ မုံသွင် နည်းပညာပြန့်ပွားရေး စင်တာ၊  မင်းတိုင်ပင် နည်းပညာ ပြန့်ပွားရေးစင်တာ၊ သင်တီးကန် နည်းပညာပြန့်ပွားရေးစင်တာ၊ ပုထိုးသာနည်းပညာပြန့်ပွားရေး စင်တာ များတွင် ဆက်လက်၍ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မင်းခန့်စိုး(ဇေယျာမြေ)