ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဉာဏ်ရည် ယှဉ်ပြိုင်မှုဆိုင်ရာ ပြိုင်ပွဲများကျင်းပ

ပွင့်ဖြူ    ဇန်နဝါရီ   ၁၉

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀:၃၀ နာရီက ကလေးငယ်များအတွက် ပျော်ရွှင်စရာ ဉာဏ်ရည် ယှဉ်ပြိုင်မှု ဆိုင်ရာပြိုင်ပွဲများကို ပညာရေးဌာန၊ ပွင့်သာမြေစာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub)၊ မြို့နယ် အမျိုးသမီး ရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့နှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက် များနှင့် အညီ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က ကလေးငယ်များ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်၊ စဉ်းစားတွေးခေါ် မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင် ဆောင်ရွက်သည့် အလေ့အထရရှိစေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် ပြည်သူ့စာကြည့်တိုက်အား အများပြည်သူ ဝင်ထွက်သွားလာ နိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာ တစ်ခုအဖြစ်သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။

အဆိုပါ   ဉာဏ်ရည်ယှဉ်ပြိုင်မှုဆိုင်ရာ ပြိုင်ပွဲများတွင် အရုပ်ဆက်ပြိုင်ပွဲ၊ မြန်မာစကားပုံ ဆက်ပြိုင်ပွဲနှင့် ဟောပြောပွဲစွမ်းရည်ပြိုင်ပွဲ များ ပါဝင်ပြီးအမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းမှ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၂၀)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ရာဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ခဲ့ကြောင်းသိရသည်။

ထို့နောက် (၇၅)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များကို  ပြသဆောင်ရွက်ပေးရာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။               ခင်ဝါဝါလှိုင်  (ပြန်/ဆက် )