နောင်မွန် သြဂုတ် ၂၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ကိုဗစ်-၁၉ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား ဒုတိယအကြိမ် ထောက်ပံ့ကြေးငွေများကို ယမန်နေ့ ညနေ ၃ နာရီက မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် မြို့မရပ်ကွက် (ပန်နန်းဒင်)သို့ သွားရောက် ပေးအပ်ခဲ့သည်။
အဆိုပါ ပေးအပ်ရာတွင် အိမ်ထောင်စုတစ်စုခြင်းအလိုက် မှတ်တမ်းတင် လက်မှတ်ရေးထိုးကာ စနစ်တကျ လွှဲပြောင်း ပေးအပ်ခြင်းနှင့် မလိုလားအပ်သော အုပ်ချုပ်မှုပြဿနာများ မဖြစ်စေရေးအတွက် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာလအတွင်း သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်ဖွဲ့စည်းထားသည့် နောင်မွန်မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် ဦးစီးအဖွဲ့တို့က နောင်မွန်မြို့နယ် အတွင်းရှိ ရပ်ကွက်(၅)ရပ်ကွက်ရှိ အိမ်ထောင်စု (၅၁)စုတို့ထံ အိမ်အရောက် သွားရောက် ပေးအပ်ခဲ့သည်။
မြိုမရပ်ကွက် (ပန်နန်းဒင်)ရှိ အိမ်ထောင်စု(၁၀)စုတို့အတွက် ထောက်ပံ့ငွေများကို ပန်နန်းဒင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း ထံသို့ ပေးအပ်ခဲ့သည်။
ယခုဒုတိယအကြိမ် နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေသည် တစ်အိမ်ထောင်လျှင် နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် တစ်ဆယ့်နှစ်သိန်း နှစ်သောင်းဖြစ်ကြောင်း သိရသည်။
မြနန်း(မြို့နယ် ပြန်/ဆက်)