ကန့်ဘလူမြို့နယ်အတွင်းရှိ ရေလှောင်တမံများမှ နွေစပါး နှစ်သောင်းကိုးထောင်ကျော် စိုက်ပျိုးရေ ပေးဝေသွားမည်ဖြစ်

ကန့်ဘလူ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်ရေလှောင်တမံ၊ ကျေးပင်အက်ရေ လှောင်တမံ၊ ပေကြီးရေလှောင်တမံ၊ သိန်ရင်ရေလှောင်တမံ၊ မင်းမြင် ရေလှောင်တမံ၊ လင်ပန်းရေလှောင်တမံနှင့် လျှပ်စစ်ရေတင်လုပ်ငန်းတို့မှ နွေစပါး ၂၉၅၁၀ ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ဆည်ရေများကို ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင်ပေးဝေ သွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနနှင့် တည်ဆောက်ရေး လုပ်ငန်းဌာနတို့မှ ထိန်းသိန်းထားသည့် ရေလှောင်တမံများ၏ ဆည်ရေသောက်စနစ်အတွင်းရှိ ရေပေးမြောင်းများ၊ ရေပေးမြောင်း အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို မိုးစပါးရေးပေးဝေရာသီ ပြီးဆုံးချိန် ဒီဇင်ဘာ ပထမပတ်မှစတင်ကာ နွေစပါး ရေစတင်ပေးဝေမည့် ဖေဖော်ဝါရီ ပထမပတ်ထိ ရေဖြတ်ကာလ သတ်မှတ်ထားပြီး ယင်းကာလအတွင်း ပြင်ဆင်မွမ်းမံခြင်း၊ မြောင်းစစ်လမ်း၊ မြောင်းပေါင်များပြုပြင်ခြင်း၊ နွေစပါးရေ ပေးဝေနိုင်မည့်ဧက စိစစ်အတည်ပြုခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ဌာနအနေနဲ့ နွေစပါးရာသီစိုက်ပျိုးရေ ဖူလုံစွာရရှိရေးအတွက် နည်းလမ်းခြောက် သွယ်ဖြင့် ဆောင်ရွက်ပေးနေပါတယ်။ ဒီနည်းလမ်းတွေက ဆည်မြောင်းတာတမံများ အသစ် တည်ဆောက်ခြင်း၊ ရေဝေရေလဲဧရိယာမှ စီးဆင်းသည့်ရေများအား အပြည့်အဝသိုလှောင် အသုံးချရေးစီမံဆောင်ရွက်ခြင်း၊ တည်ဆောက်ပြီး ဆည်မြောင်းတာတမံများမှ ဆည်ရေကို ထိရောက်စွာပေးဝေနိုင်ရန်နှင့် ရေပိုမိုသိုလှောင်နိုင်ရန် ပြုပြင်ခြင်း၊ မြစ်ချောင်းများ ရေလျှံချိန်တွင် အင်းအိုင်ချိုင့်ဝှမ်းများအတွင်းသို့ ရေသွင်းသိုလှောင်ထားရှိခြင်း၊ မြစ်ချောင်း မှရေစုပ်စက်ဖြင့် စုပ်တင်ခြင်း၊ မြေအောက်ရေကို ထုတ်ယူသုံးစွဲခြင်း နည်းလမ်းများဖြင့် လယ်ယာလုပ်ငန်းခွင်မှာ တောင်သူလယ်သမားများ အကျိုးရှိစွာ အသုံးချနိုင်ရေး ကြီးကြပ် ဆောင်ရွက်ပေး လျက်ရှိပါတယ်ဟု မြို့နယ် ဆည်မြောင်းနှင့်ရေးအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရ ဦးသူရဇော်ကပြောသည်။

ကန့်ဘလူမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများအတွက် မိုးရေကိုမှီခိုအားထားစိုက်ပျိုးကြောင်း၊ နိုင်ငံတော်၏ စီးပွားရေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးထုတ်ကုန်များ တိုးတက်ရေးအတွက် အထောက်အကူပြုစေရန် အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက မြစ်ချောင်းများ၊ ဆည်များ၊ တာတမံများ၊ မြေအောက်ရေဖော်ထုတ်ရေး စီမံကိန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ကင်းတပ်ရေလှောင်တမံ၏မြောင်းများမှ မြောင်းအလိုက် နွေစပါး ၂၃၁၅၀ ဧက၊ သိန်ရင်ရေလှောင် တမံမှ ၁၂၀၀၊ မင်းမြင်ရေလှောင်တမံမှ ဧက ၁၀၀၀၊ ကျေးပင်အက် ရေလှောင်တမံမှ ဧက ၂၀၀၀၊ လင်ပန်းရေ လှောင်တမံမှ ဧက ၄၀၀၊ ပေကြီးရေလှောင်တမံမှ ၁၅၀ ဧကနှင့် လျှပ်စစ်ရေတင်လုပ်ငန်းမှ ၁၆၁၀ ဧက စုစုပေါင်း ၂၉၅၁၀ ဧကကို ဆည်ရေ ပေးဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံတောင်သူ လယ်သမားများ နွေစပါးအောင်ရေအပြည့်အဝရရှိစေရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ မြောင်းအလိုက် ရေပေးဝေရေး လုပ်ငန်းများကို စနစ်တကျ လိုက်လံစစ်ဆေးခြင်း၊ ဆည်ရေအသုံးချရေးအ ဖွဲ့များ ဖွဲ့စည်းကာ ရေလိုအပ်သည့်မြောင်း လက်တံများတွင် ရေလှည့်စနစ်များပြုလုပ်၍ ရေပေးဝေခြင်းတို့ဖြင့် ဒေသတွင်းစိုက်ပျိုးရေး လုပ်ငန်းများ အောင်မြင်ပြီး စားနပ်ရိက္ခာဖူလုံရေး၊ တောင်သူများ၏ လူမှုဘဝအကျိုးစီးပွားများ ဖွံဖြိုးတိုးတက်ရေး လိုအပ်ချက်များကို အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)