မကွေး ဇန်နဝါရီ ၁၉
မကွေးမြို့ ကမ်းနားလမ်းတွင် ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် အနားယူ အပန်းဖြေ စားသောက်နိုင်ရန် ညဈေးတန်း တည်ဆောက်ခဲ့ပြီး ညဈေးတန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီ အချိန်က မကွေးမြို့ ကမ်းနားလမ်း We Love Magway အနီးရှိ ညစျေးတန်း၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေး လေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ မကွေးမြို့ ကမ်းနားလမ်းညဈေးတန်းအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိန်ထွန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာ ဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့က ကမ်းနားလမ်း ညဈေးတန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ကမ်းနားလမ်း ညဈေးတန်း ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာပက်ဖျန်းပေးခဲသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး တရာသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူ များသည် ကမ်းနားလမ်း ညဈေးတန်းအား လှည့်လည်ကြည့်ရှုပြီး ကမ်းနားလမ်း ညဈေးတန်းဖွင့်ပွဲ အထိမ်းအမှတ် ပျော်ရွှင်စရာ မီးရှုး မီးပန်းများ ပစ်ဖောက်ခဲ့ကြောင်းနှင့် အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများအား ဘူဖေးစနစ်ဖြင့် ညစာ တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ မကွေးမြို့ကမ်းနားလမ်း ညစျေးတန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၉၀၀)ဖြင့် (အရှည် ၃၁၅ ပေ× အကျယ် ၄၄ ပေ)ရှိ ညစျေးကို သံကူကွန်ကရစ် ပိုင်ထိပ်အုပ်နှင့် သံကူကွန်ကရစ်တိုင်၊သံကူကွန်ကရစ်ကြမ်းခင်း၊ သံမဏိယက္မ၊ သံပန်းလက်ရန်း တို့ဖြင့်(၂၉-၆-၂၀၂၁) ရက်နေ့တွင် စတင် တည်ဆောက်ခဲ့ပြီး၊(၃၀-၉-၂၀၂၁)ရက်နေ့တွင် လုပ်ငန်းပြီးစီးကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ