နောင်တရား ဇန်နဝါရီလ ၁၉
ကယားပြည်နယ်မှ ခေတ္တခိုလုံရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အစုလိုက် ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ တိုက်ပွဲရှောင်ခေတ္တလက်ခံရေးဌာနဖြစ်သည့် ရတနာရန်နိုင် ဓမ္မာရုံ၊ ရွှေဘုန်းပွင့်ပညာဒါနကျောင်း၊ ဗုဒ္ဓဓမ္မတောင်၌ တိုက်ပွဲရှောင်ပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ယနေ့နံနက်ပိုင်းတွင် အခမဲ့စစ်ဆေးသည်။
တိုက်ပွဲရှောင်ပြည်သူများ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် နောင်တရား ပရဟိတလူငယ်များပူးပေါင်း၍ RDT Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိအခမဲ့စစ်ဆေးပေးသည်။ အဆိုပါ တိုက်ပွဲရှောင်ပြည်သူများ လက်ခံရေးဌာန များတွင် ပြည်သူပေါင်း(၇၀၀)ကျော်ခေတ္တခိုလုံလျက်ရှိသည်။ တိုက်ပွဲရှောင်ပြည်သူများ အတွက် ဒေသခံအလှူရှင်များ၊ ရပ်ဝေးအလှူရှင်များက စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ၊ ငွေများဖြင့် လာရောက်လှူဒါန်းကြကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)