အိမ်မဲ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron)ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်မှု ရှိ/ မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ အဖွဲ့နှစ်ဖွဲ့ခွဲ၍ မြို့အတွင်းသို့ ဝင်ရောက်လာသည့် ထော်လာဂျီများအား သတ်မှတ်ထားသည့်နေရာမှ မဝင်ရောက်ပဲ စည်းကမ်းမဲ့ ဝင်ရောက်လာသူများ၊ ဆိုင်ကယ်စီးအုပ်ထုပ် မဆောင်းပဲ စီးနင်းသူများ၊ လူနှစ်ဦးထက် ပိုစီးနင်းသည့် ဆိုင်ကယ်တို့ကို ပထမအကြိမ်အနေဖြင့် သတိပေး ကာလအနေဖြင့် ပညာပေးဆောင်ရွက်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ မျိုးရိုးဗီဇကွဲ (Omicron)ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအနေဖြင့် အပြင်ထွက်သွားလာရာ၌ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပဲ သွားလာသူများကို "ယခုဝယ်၊ ယခုတပ်"စနစ်ဖြင့် စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသည့် မော်တော်ဆိုင်ကယ်စီးနင်းသူများ၊ ထော်လာဂျီယာဉ်များအား ပထမအကြိမ်အနေဖြင့် ဒဏ်ငွေ (၃၀၀၀၀)ကျပ်၊ ဒုတိယအကြိမ်အနေဖြင့် (၅၀၀၀၀)ကျပ်နှင့် တတိယအကြိမ်အနေဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်