ဒေးဒရဲ ဇန်နဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သယ်ယူ ပို့ဆောင်ရေးနှင့် သွားလာမှု အဆင်ပြေစေရန်အတွက် မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ဂွကြီးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ယမန်နေ့ နေ့လည်ပိုင်း တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဦးစီးအရာရှိ ဦးကျော်စွာမြင့်၊ ဒုတိယဦးစီးမှူး ဦးဝင်းကိုကိုတို့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လ နိုင်ငံတော်ထောက်ပံ့ငွေ (၁၀၀)သိန်း၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ (၅၀)သိန်းဖြင့် အရှည် ၃၂၃၀ပေ၊ အကျယ် ၄ ပေ၊ ထု ၄ လက်မရှိ ဂွကြီးကျေးရွာရှိ ကွန်ကရစ်လမ်း ခင်းနေမှုအား စစ်ဆေးကြည့်ရှုခဲ့သည်။ အဆိုပါလမ်းသည် ဂွကြီးကျေးရွာ၊ တမံကျေးရွာနှင့် ဒေးဒရဲ -ဖျာပုံ ကားလမ်းမကြီးကို ဆက်သွယ်ထားသော လမ်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အရှည် ၁၃၅၀ ပေ ပြီးစီးပြီဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနက သိရသည်။
အေဇာလင်း