ဒေးဒရဲမြို့နယ် တိုးကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဒေးဒရဲ ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာအရောက်  ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို  ယမန်နေ့နေ့လည်ပိုင်းက ဒေးဒရဲမြို့နယ် တိုးကျေးရွာ အုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက  လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက ပန်းခင်းစီမံချက်အရ နိုင်ငံသာစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးမှူး  ဦးဇော်မိုးနိုင်နှင့် ဝန်ထမ်းများက တိုးကျေးရွာအုပ်စုရှိ  အသက်(၁၀)နှစ်ပြည့်ပြီး   နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ (၄၇)ဦး၊ အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၁၅၁)ဦး၊ အသက်(၁၀)နှစ်မှအသက် (၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားလဲလှယ်သူ (၃၈)ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်/ ပျက် မိတ္တူ(၅၅)ဦးတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက သိရသည်။

အေဇာလင်း