ငဖဲ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ၊ငဖဲမြို့မစခန်းမှ စခန်းမှူးဒုရဲမှူးဇော်ဝင်း ဦးစီးသော ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များပါဝင်သည့် အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက တောင်ပေါ်ဒေသများဖြစ်သည့် ရှောက်ရင်းကျေးရွာ၊ ရေဖြူကျေးရွာနှင့် သစ်ဆိမ့်ပင် ကျေးရွာများမှ ဒေသခံ တောင်သူ များအား မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်နိုင်စိုး က ဒေသခံတောင်သူများ အနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မှုခင်းများကျဆင်းရေး အတွက် ဘိန်းသီးနှံများ စိုက်ပျိုးမှုမပြုလုပ်ရန်၊ ဘိန်းအစားအခြား ဝင်ငွေကောင်းသည့် အစားထိုးသီးနှံများ စိုက်ပျိုးရန်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူးဇော်ဝင်း က မူးယစ်ဆေးဝါး အန္တရာယ်သည် ပြည်သူလူထု အနာဂတ်အတွက် ကြီးမားသောခြိမ်းခြောက်မှု အန္တရာယ်ဖြစ်ပေါ်နေကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးပပျောက်ရေး ပြည်သူများက ပူးပေါင်းပါဝင်ပေးကြရန် ဆွေးနွေး ပြောကြားသည်။
ထို့နောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ရာသီဥတုမျှတရေးအတွက် သစ်တော သစ်ပင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ တောင်ယာစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေး၊ အိမ်ထောင်စု ဇယားနှင့် မှတ်ပုံတင်ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ရေး၊ အသက် ၁၈ နှစ်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူများ ကာကွယ်ဆေးများ ထိုးနှံကြရန် စသည်တို့ကို အသိပညာပေး ဆွေးနွေးပြောကြားကြပြီး မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)