ကသာ ဇန်နဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ယမန်နေ့ နံနက် (၉)နာရီအချိန်မှစ၍ ကသာမြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအပါအဝင် လူဦးရေပေါင်း (၂၃၇၅၅)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်အထိ ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကသာမြို့နယ်၌ COVID Shield ကာကွယ်ဆေးကို လူဦးရေပေါင်း (၂၆၀၀)ဦးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဇန်နဝါရီလ(၁၈)ရက်နေ့အတွင်း လူဦးရေပေါင်း (၂၁၁၅၅)ဦးတို့ကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်း၊ Sinovac ကာကွယ်ဆေးကို ကျောင်းသားကျောင်းသူပေါင်း (၃၂၁၀)ဦးအထိ ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပထမအကြိမ်ထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။