ကမမောင်း ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ တောင်သူများအနေဖြင့် လယ်ယာစိုက်ပျိုးရေး၊ တိရစ္ဆာန် မွေးမြူရေးများ ကိုသာ အဓိကအားထား လုပ်ကိုင်ကြကြောင်း၊ ယင်းတို့၏ ကိုင်းမြေများ၌ မိသားစု စား၀တ်နေရေးအတွက် စားသုံးရောင်း ချရန်အတွက် ပဲတောင့်ရှည်မျိုးများကို တစ်နှစ်ပတ်လုံး စိုက်ပျိုး ထားကြောင်း သိရသည်။
ပဲတောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး ဟူ၍နှစ်မျိုးစိုက်ပျိုးလေ့ရှိပြီး အပင်ရှည်မျိုး ကို တိုင်ထောင်၍ စိုက်ပျိုးကြသည်။ မြေဩဇာအဖြစ် နွားချေကိုသာ အများဆုံး အသုံးပြုကြကာ တိုင်ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေခြားပြီး တစ်ပင်နှင့်တစ်ပင် (၉-၁၂) လက်မခွာ၍ စိုက်ကြ သည်။ အပင်ပုမျိုးများကို တစ်တန်းနှင့်တစ်တန်း (၁.၅-၂)ပေခြား၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေခွာ၍ စိုက် သည်။
ပဲတောင့်များ၏ အရောင်များအနေဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်စသဖြင့် အမျိုးမျိုးရှိကြောင်းနှင့် ပဲတောင့်များ စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းသောကြောင့် မိသားစုစား၀တ်နေရေးအတွက် ဆွတ်ခူးရောင်းချရန်အတွက်ပါ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ပဲတောင့်ရှည် တစ်ပိဿာလျှင် (၁၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးသူတောင်သူများထံမှ သိရှိရပါသည်။
ခင်စန်းမြင့် (ပြန်/ဆက်)