ကံမ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နေ့လယ်က ထန်းကောက်ကျေးရွာနှင့် ညောင်ပင်ကွင်း ကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာ အထောက်အကူပြု ကော်မတီဝင်များ ရပ်မိရပ်ဖများ ရာအိမ်မှူး ဆယ်အိမ်မှူးများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေး၊ စိုက်ပျိုးရေရရှိရေး မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းနေအရွယ် ကလေးများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ဆေးထိုး အကြိမ်ရေပြည့်မီအောင် ထိုးနှံကြရန်တို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ် ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကျေးရွာရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများ က ကဏ္ဍအလိုက် ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)