အထက်မင်းလှ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောက်လုပ် ထားသည့် အောက်ဆီဂျင်စက်ရုံ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံ ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့မှ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးလင်းက အောက်ဆီဂျင်စက်ရုံ မီးဘေးအန္တရာယ်ကင်းဝေးစေရန် အောက်ဆီဂျင်အိုး များတွင် အောက်ဆီဂျင် ဖြည့်ဆည်းရာ၌ သတိပြုရမည့် ရှောင်ရန်/ဆောင်ရန်များ၊ အောက်ဆီဂျင်အိုးများ သယ်ဆောင်ရာတွင် ဂရုပြုလိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ မီးသတ်ဆေးဗူး ကိုင်တွယ် အသုံးပြုနည်းများအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံ ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့က အောက်ဆီဂျင်စက်ရုံအတွင်း မီးဘေးလုံခြုံရေးအတွက် စီမံဆောင်ရွက်ထားရှိမှု များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)