ဂန့်ဂေါ ဇန်နဝါရီ ၁၉
ဂန့်ဂေါမြို့နယ် စိုင်ဒူးကျေးရွာ၌ 230 KV ပင်မဓာတ်အားခွဲရုံသစ် ဆောက်လုပ်လျက်ရှိရာ အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုကို ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများတို့က ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကြည့်ရှုစစ်ဆေးသည်။
တည်ဆောက်လျက်ရှိသော 230 KV ပင်မဓာတ်အားခွဲရုံသစ်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၄၆၃၄.၀၉၇) ကျပ်သန်းဖြင့် ဆောင်ရွက်နေသော 230 KV ဂန့်ဂေါပင်မဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ ပင်မဓာတ်အားခွဲရုံဝန်းအတွင်း Control Building နှင့် Switch Yard တည်ဆောက်နေမှု အခြေအနေနှင့် 230 KV ပင်မဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးပါက ညောင်ပင်ကြီး 230 KV ပင်မဓာတ်အား ခွဲရုံမှတစ်ဆင့် Extension (2) Bays ဖြင့် တိုက်ရိုက်ချိတ်ဆက်မည့် အခြေအနေများကို လျှပ်စစ်မဟာဓာတ်အား လိုင်းမှူးရုံး(ဂန့်ဂေါ) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးသန့်မှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်ကာလအတွင်း အချိန်မီတည်ဆောက်ပြီးစီးရေး စနစ်တကျဆောင်ရွက်သွားရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မှာကြားသွားကြောင်းနှင့် 230 KV ဂန့်ဂေါပင်မဓာတ်အားခွဲရုံသစ် တည်ဆောက်ရေးလုပ်ငန်းမှာ ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)