ဘုရားသုံးဆူ ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကို ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီအချိန်၌ ကျင်းပဆောင်ရွက် ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်ကို ဘုရားသုံးဆူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးစောရဲဝင်းထွဋ်က ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) (Talk Show) ဆောင်ရွက်ရခြင်း ရည်ရွယ်ချက် များအား ရှင်းလင်း ပြောကြားပြီး ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ဒေါ်ချောစုစုအောင်မှ ယခုအချိန်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်သည် နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားလာပြီး ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေး(၂) ကြိမ် ထိုးပြီးထားသော်လည်း မပေါ့ဆကြရန်၊ ပြည်သူများအနေဖြင့် နေအိမ်မှ အပြင်ထွက်ခွာ ပါက နှာခေါင်းစည်း (mask)များကို စနစ်တကျ တပ်ဆင်ကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံပါက မျက်နှာကာ (Face shield)ကို တပ်ဆင်ကြရန်၊ လူစုလူဝေးများကို ရှောင်ကြဉ်ကြရန်၊ လက်ကို စက္ကန့် ၂၀ ကြာအောင် မကြာခဏ စနစ်တကျ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ဆေးကုသမှုခံယူရန် စသည့်ကိုဗစ်-၁၉နှင့် ပတ်သက်သော အကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့ပါ သည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)