လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘုတ်ဆည်ရေဖြင့် ဟင်းသီး၊ ဟင်းရွက် စိုက်ပျိုးတောင်သူများ စိုက်ပျိုးရေး အဆင်ပြေလျက်ရှိ

လှိုင်းဘွဲ ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘုတ်ဆည်ရေလှောင်တမံမှတူး မြောင်းအလျား- ၃၃၀၀၀ ပေ (၆ ဒဿမ ၂၅ မိုင်)၊ အောက်ခြေအကျယ် (၅ ဒဿမ ၅ ပေ)၊ ရေထုစီးနှုန်း (၇၂) ကုဗပေ/စက္ကန့်ဖြင့် အကျိုးပြုစိုက်ဧက (၁၅၀၀) အတွက် ဆည်ရေများကို ပေးဝေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ ရေဘုတ်ဆည်မှ ဆည်ရေများကိုမြို့နယ်အတွင်း၌ မိုးရာသီတွင်စိုက်ပျိုးကြသော မိုးစ ပါးနှင့် အခြားစားဖိုဆောင် သီးနှံများအတွက် စိုက်ပျိုးရေမှာအဓိကမကျခဲ့သော်လည်း ဆောင်းသီးနှံနှင့် နွေသီးနှံအတွက် ဆည်ရေက အဓိကဖြစ်လာ ကြပါကြောင်း၊ နိုင်ငံတော်အစိုးရမှ နွေစပါးစိုက်ပျိုးစေလိုသည့် စေတနာကိုသိရှိပါကြောင်း၊ နွေစပါးနှင့် ရေကျနောက် စိုက်စပါးခင်းများကို တောင်သူများကလည်း ကြိုးစားပြီး စိုက်ပျိုးနေလျက် ရှိကြကြောင်း၊ ဓာတ်မြေသြဇာစျေးမြင့်သည့် အတွက် မိမိတို့တောင်သူများအနေဖြင့် သဘာဝနွားချေးနှင့် မြေဆွေး၊ မြေကျက်မြေသြဇာကို ပိုမိုအသုံးပြုလာရပါ ကြောင်း၊ မိမိတို့နဲ့ စားသုံးသူတွေအတွက်လည်း အန္တရာယ်ကင်းသည်ဟု ယုံကြည်ပါကြောင်း တောင်သူများက ရှင်းပြ သည်။

ဘိုးဘွား၊ မိဘလက်ထက်က မြေယာရှိ၍မိမိတို့က စိုက်ပျိုးလိုလျှင် ရေတွင်း (သို့မဟုတ်) စက်ရေတွင်းရေဖြင့် စိုက်ပျိုးနိုင်မှ သာ သီးနှံများရမည်ဖြစ်ကြောင်း၊ ရေဘုတ်ဆည်မှ ပေးဝေသည့် ဆည်တူးမြောင်းနဘေးပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် တောင်သူများ အနေဖြင့် စိုက်ပျိုးမြေရှိသည့်အပြင် စိုက်ပျိုးရေကိုပါရရှိသည့်အတွက်  မိမိတို့၏ အိမ်ခြံဝန်းထဲ၌ မီးဖိုချောင်သီးနှံအဖြင့် ဘူး၊ ခရမ်း၊ ငရုတ်၊ ကန်ဇွန်း၊ ပဲတောင့်၊ ချဥ်ပေါင်၊ ရုံးပတီ၊ မုံညင်း၊ ရွှေဖရုံ၊ ပဲမျိုးစုံနှင့်မုံလာဥ၊ ငရုတ်သီးစသည့် စားဖို ဆောင်သီးနှံများကို စိုက်ပျိုး၊ ရောင်းချနိုင်ကြသည့်အတွက် အိမ်စားစရိတ်သက်သာပါကြောင်း၊ ပိုလျှံသီးနှံများ ကိုလည်း အလှူပေးနိုင်ကြကြောင်း၊ ဆည်ရေအသုံးပြု၍ စိုက်ပျိုးနေကြသော်လည်း ဆည်ရေ အဖိုးအခကို ပေးဆောင်ရန်မလိုကြောင်း၊ မိမိတို့စိုက်ချင်သည့် စိုက်ခင်းဧရိယာနှင့် ရေလိုအပ်မှုအတွက် ရေသွင်းစနစ်များကို ဆည်/မြောင်းဌာနမှ ပညာရှင်များက နည်းစနစ်များကို အကြံပြုဝေမျှပေးကြပါကြောင်း စားဖိုဆောင် ဟင်းသီး၊ ဟင်းရွက် စိုက်ပျိုးနေ ကြသည့် တောင်သူများက ပြောဆိုရှင်းပြခဲ့သည်။

လင်းသန့်(ပြန်/ဆက်)