ပိုင်ကျုံ ဇန်နဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြို တင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ကျေးရွာများသို့ ကွင်းဆင်း၍ ကရင် /မြန်မာ နှစ်ဘာသာဖြင့် နှိုးဆော်ပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာ၌ ပြည်သူများအနေဖြင့် မျိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်-၁၉ ရောဂါသည် မိမိတို့နိုင်ငံတွင်အဖြစ်နည်းသေးသော်လည်း အခြားသောနိုင်ငံများတွင် စတင်ဖြစ်ပေါ်လျက်ရှိသဖြင့် မိမိတို့ကျေးရွာအတွင်း မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် ကာကွယ်ရေးလုပ်ငန်များဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အကြိမ်အပြည့်အဝ ထိုးနှံထားကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်းပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး(သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှ ပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးကြောခြင်းများဖြင့် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်တိုက်ထုတ်ကြရန် အသိပေး၊ သတိပေးခြင်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ပြီး အခြားနေ့ရက်များတွင်လည်း ရပ်ကွက်/ကျေးရွာသို့ ဆက်လက်နှိုးဆော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)