ကော့ကရိတ်မြို့၌ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကော့ကရိတ်  ဇန်နဝါရီ  ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသည့် တောင်သူများအနေ ဖြင့် မိသားစုအပိုဝင်ရရှိပြီး အဆင်ပြေလျက်ရှိကြောင်း ကော့ကရိတ်မြို့၊ အမှတ် (၄)ရပ်ကွက်နေ တောင်သူဦးမင်းခိုင်ထံမှ သိရသည်။

ကျွန်တော်တို့အနေနဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ကန်စွန်းရွက်၊ ချဉ်ပေါင်၊ မုန်လာဥ၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ်တွေကို ရေပြန်ကျပြီးဆိုတာနဲ့  စစိုက်တာပေါ့။ စစိုက်တာကတော့ အောက်တိုဘာလ လောက်ကပေါ့။ ကန်စွန်းရွက်ဆိုအခုကရောင်းရတာ နှစ်ပြန်တောင်ရှိနေပြီး။ ပေါ်ဦးပေါ်ဖျားတုံးက တော့ ကန်စွန်းရွက်က ဈေးရတာပေါ့။ကန်စွန်းရွက် တစ်စည်းကို  ငွေကျပ် (၂၀၀)ရတယ်။ ယခုအချိန်မှာတော့ ကန်စွန်းရွက်က ပေါ်လာပြီးဆိုတော့ တစ်စည်းကို ငွေကျပ် (၈၀)ဘဲရတော့ တယ်။မုန်လာဥကတော့ ကုန်သွားပါပြီး။ယခုလက်ရှိမှာတော့ ကန်စွန်းရွက်က ကိုးမြောင်း၊ ချဉ်ပေါင်က ငါးမြောင်း၊ ဆလပ်ရွက်က ငါးမြောင်းစိုက်ပျိုးထားပြီး ဂေါ်ဖီထုပ်ကိုတော့ ပျိုးထားတုံး ဘဲရှိသေးတယ်။ကန်စွန်းရွက်တစ်မြောင်းကို မျိုးစေ့တစ်ထုပ်ထည့်ရတယ်။ ကန်စွန်းရွက်မျိုးစေ့ တစ်ထုပ် ငွေကျပ် (၉၀၀၀)ပေးပြီး ဝယ်ရတယ်။ ကန်စွန်းရွက်တစ်မြောင်းကို ငွေကျပ်  (၃၀၀၀၀)မှ (၄၀၀၀၀)အထိ ရတာပေါ့။ ဆလပ်ရွက်က မျိုးစေ့တစ်ထုပ်ကို ငွေကျပ် (၉၀၀)ကျပ်ဘဲကုန်ပြီးတော့ တစ်မြောင်းစိုက်ပျိုးလို့ရတယ်။ ဆလပ်ရွက် တစ်မြောင်းကို ငွေကျပ် (၅၀၀၀၀)မှ (၆၀၀၀၀)အထိရတယ်။ ဆလပ်ရွက်အပင်ပေါက်ကို ယခုအချိန်မှာ ငွေကျပ် (၁၀၀)ရတယ်။ ချဉ်ပေါင်ကတော့ မြောင်း သေးတော့ ငွေကျပ် (၁၀၀၀၀)မှ (၂၀၀၀၀)လောက်ရမယ်ထင်တယ်။ အပင်တွေကြီးထွားဖို့အတွက် ကျွန်တော်တို့အနေနဲ့ သဘာဝမြေဩဇာဖြစ်တဲ့ နွားချီးနဲ့ ပုလဲဓါတ်မြေဩဇာကို ထည့်ပေးပြီး‌တော့ ရေသွင်းစိုက်ပျိုးထားတာပေါ့။ ဒီမှာစိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေကို ကော့ကရိတ်မြို့မဈေးမှာ သွားပြီးတော့ ရောင်းချတဲ့အခါ တစ်ရက်ကို ငွေကျပ် (၁၅၀၀၀)မှ (၂၀၀၀၀)ရတော့ မိသားစုအပိုဝင်ငွေရရှိပါတယ်ဟု အမှတ် (၄)ရပ်ကွက်နေ တောင်သူ ဦးမင်းခိုင်က ပြောကြားသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)