ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိဒေသခံ ပြည်သူများအား လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်ပြည်သူများအား နိုင်ငံသားကတ် ရရှိနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ဒဂုံမှော်ကျေးရွာအုပ်၊ သရက်အုပ်ကျေးရွာတွင် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးသိန်းလွင်နှင့် ဝန်ထမ်းများက နိုင်ငံသားဖြစ်သူတိုင်း မှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍စနစ်တကျ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်းကို သရက်ခရိုင်လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို မြို့နယ်လဝကဦးစီးမှူးရုံးတွင် အခမဲ့ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါသည်။
(နိုင်လင်း)မြို့နယ်ပြန်/ဆက်