မြိတ် ဇန်နဝါရီ ၁၉
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် မြိတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင် နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား ယမန်နေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအား ထပ်ဆင့်ရှင်းလင်းပြောကြားပြီး မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသထွက်ကုန်များကို အဆင့်မီအောင်ထုတ်လုပ်ပြီး ဒေသတွင်းလိုအပ်ချက်တွေ ပြည့်မီအောင် ဝိုင်းဝန်း ဆောင်ရွက်ကြပေးရန် လိုအပ်ကြောင်း၊ ဒေသဝမ်းစာဖူလုံရေးအတွက် ဆန်စပါး မျိုးကောင်း၊ မျိုးသန့်ရဖို့ မြေကို စနစ်တကျပြုပြင်ဖို့ ရေအရင်းအမြစ်ရရှိဖို့ စိုက်ပျိုးတဲ့အခါမှာ စနစ်တကျစိုက်ပျိုးကြဖို့လိုကြောင်း၊ ဆန်စပါးအနေဖြင့် ဒေသဝမ်းစာတွင် မြိတ်မှာ (၇၅.၉၇)ရာခိုင်နှုန်း၊ ထားဝယ်မှာ(၃.၁၇)ရာခိုင်နှုန်း၊ ကော့သောင်းမှာ (၁၀.၁၈) ရာခိုင်နှုန်း ထွက်ရှိကြောင်း၊ စပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ခရီးသွားလုပ်ငန်းအနေဖြင့် စမတ်ကျွန်း၊ ဒုံးကျွန်း၊ လေးကျွန်း စတဲ့ ကျွန်းတွေနဲ့ အခြေခံအဆောက် အဦတွေရှိတဲ့ မြိတ်ကို လူတွေစိတ်ဝင်စားမှု ပိုမိုများပြားသဖြင့် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ မြိတ်အတွက် အရေးကြီးဆုံးလိုအပ်ချက်က လျှပ်စစ်ဓာတ်အား ဖြစ်တဲ့အတွက် လျှပ်စစ်မီးသုံးစွဲမှု ဈေးနှုန်းသက်သာရန် ရေအား/လေအား လျှပ်စစ်ရရှိအောင် ကြိုးစားလျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းတွေကိုလည်း နည်းလမ်းတကျ ဆောင်ရွက်ကြဖို့လိုကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ကိုဗစ်ရောဂါက တတိယလှိုင်းကို ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းတွေကို တက်ညီလက်ညီ ဝိုင်းဝန်းပြီး ညီညီညာညာ ဆောင်ရွက်နိုင်ခဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ သည်။
ထိုနောက် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ခဲ့ကြရာ တင်ပြချက်နှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး မြိတ်ခရိုင်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ပေးကြရန်နှင့် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)