ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှစ်ခန်းတွဲလက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ပွင့်ဖြူ     ဇန်နဝါရီ     ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းဖွင့်ရာသီကာလအတွင်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေ‌ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်သင်ကြားနိုင်‌ရေးအတွက် ယမန်နေ့နံနက်ပိုင်း က  ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာ၊ ကနီကျေးရွာ၊ ဆင်လူးကျေးရွာနှင့် လယ်မကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲများသို့ သွားရောက်ပြီး နှစ်ခန်းတွဲ လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်စန်းမြင့် ဦးဆောင်သော တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျေးရွာအလိုက် အခြေခံပညာကျောင်းများရှိ  ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းချုပ်မှ ထောက်ပံ့လှူဒါန်းသော နှစ်ခန်းတွဲလက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် လက်ဆေးဘေစင်တပ်ဆင်ခ ငွေကျပ်ငါးသောင်းတို့ကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမများထံ   ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ဆေးဘေစင်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာ‌အထက်တန်း‌ကျောင်း (၆)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၅)ကျောင်း၊ စုစုပေါင်း အ‌ခြေခံပညာကျောင်း (၁၁)ကျောင်းအား ထောက်ပံ့လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဒုတိယဥက္ကဋ္ဌ  ဦးအောင်စန်းမြင့် ထံမှ သိရသည်။    

ရဲဝင်းနိုင် (ညောင်ဦး)