ပိုင်ကျုံမြို့ မိသားစု တစ်ပိုင်တစ်နိုင် ကိုင်းမြေများ၌ ပဲတောင့်ရှည်မျိုးများ တစ်နှစ်ပတ်လုံး စိုက်ပျိုးလျက်ရှိ

ပိုင်ကျုံ  ဇန်နဝါရီ  ၁၉

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ မိသားစုများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေး၊ တိရစ္ဆာန် မွေးမြူရေးများကိုသာ အဓိက အားထားလုပ်ကိုင်ကြကြောင်း သိရသည်။ ထို့ကြောင့် ယင်းတို့၏ကိုင်း‌မြေများ၌ တိရစ္ဆာန်မွေးမြူရေးအတွက်နှင့် စားသုံးရောင်းချရန်အတွက် ပဲတောင့်ရှည် မျိုးများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးထားကြသည်။

ပဲတောင့်ရှည်တွင် အပင်ပုမျိုးနှင့် အပင်ရှည်မျိုး ဟူ၍နှစ်မျိုးခွဲခြားစိုက်ထားကြသည်။ အပင်ရှည်မျိုးကို တိုင်ထောင်၍ စိုက်ပျိုးကြသည်။ မြေဩဇာအဖြစ် နွားချေးကိုသာ အများဆုံး အသုံးပြုကြသည်။ တိုင်ထောင်ပဲကို တစ်တန်းနှင့်တစ်တန်း သုံးပေခြားပြီး တစ်ပင်နှင့်တစ်ပင် (၉-၁၂) လက်မခွာ၍ စိုက်ကြသည်။ အပင်ပုမျိုးများကို တစ်တန်းနှင့်တစ်တန်း (၁.၅-၂)ပေခြား၍ တစ်ပင်နှင့်တစ်ပင် နှစ်ပေခွာ၍ စိုက်သည်။ ပဲတောင့်များ အထွက်ကောင်းသောကြောင့် တိရစ္ဆာန် မွေးမြူရေးအတွက်ရော စားသုံးရောင်းချရန်အတွက်ပါ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ ပဲတောင့်ရှည် တစ်ပိဿာ (၁၀၀၀) ကျပ်ဖြင့် ရောင်းချ‌ပေးလျက်ရှိကြောင်း စိုက်ပျိုးသူထံမှ သိရသည်။

ပဲတောင့်ရှည်မျိုးများအဖြစ် ပဲတီစိမ်း၊ မတ်ပဲ၊ ပဲနီလေ၊ ကုလားပဲနှင့် အခြားပဲအမျိုးအစားများလည်း စိုက်ပျိုးထားကြကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)