မင်းဘူး ဇန်နဝါရီ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန Community Centre တွင် မျက်နှာသစ်ဆပ်ပြာ ပြုလုပ်ခြင်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က Woman Club အဖွဲ့မှ အခမဲ့သင်ကြား ပေးခဲ့သည်။
ရှေးဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က မျက်နှာသစ် ဆပ်ပြာပြုလုပ်ခြင်းအတတ်သည် မြန်မာအမျိုးသမီးတိုင်း တတ်ထားရမည့် အတတ်တစ်ခုဖြစ်ပြီး ဂရုတစိုက်သင်ယူ၍ အရည်သွေးမီ ဆပ်ပြာပြုလုပ်နိုင်သည်အထိ တတ်မြောက်သွားပါက မိမိတို့၏ အိမ်တွင်းစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ရမှာဖြစ်ကြောင်း တို့ကိုရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းဆရာမ ဒေါ်သန္တာသိမ့်သိမ့်က ပြုလုပ်သည့်ရမည့် ပစ္စည်းကိရိယာနှင့် ပါဝင်သည့်ပစ္စည်းများကို သူ့အချိုးအစား အလိုက်ထည့်သွင်းဖော်စပ်ပုံတို့ကို လက်တွေ့စနစ်တကျ သင်ကြားပြသခဲ့သည်။ ထိုသင်တန်းကို မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Woman Club အဖွဲ့တို့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းသူ ၁၀ ဦး တက်ရောက်သင်ယူ ခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)