ထားဝယ် ဇန်နဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဖောင်းတောရေအား လျှပ်စစ်စီမံကိန်းအဆိုပြုလွှာတွင် ပါဝင်သောအချက်များအား လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ မြစ်ကြောင်းအတွင်း သဲသောင် တူးဖော် ခြင်းစီမံကိန်း၊ စက်မှုဇုန် များဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့အတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ်(မူကြမ်း) များ စိစစ်ရေးကော်မတီမှ စိစစ်သည့် အစည်းအဝေးကိုယနေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊မြစ်ကြောင်း အတွင်းသဲသောင်တူးဖော်ခြင်း စီမံကိန်း၊ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတို့အတွက် ကွင်းဆင်းစိစစ်ရေးနှင့် စာချုပ် (မူကြမ်း) များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတရေးရာဝန်ကြီး ကိုယ်စားလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက နိုင်ငံတော် ဝန်ကြီးချုပ်က ထားဝယ်မြို့သို့ လာရောက် သောခရီးစဉ်တွင် လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်၍လျှပ်စစ်ဓာတ်အားကို သက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဖောင်းတောရေအား/ လေအားလျှပ်စစ် တည်ဆောက်ရေးလုပ်ငန်း အမြန်ဆုံး အကောင် အထည်ဆောင်ရွက်ရန်၊ ဖောင်းတောလျှပ်စစ်ဓာတ်အားပေး စက်ရုံကေဘယ်လ်လိုင်းများ တည်ဆောက်ခြင်းလုပ်ငန်း အတွက် စိတ်ချရသော တင်ဒါလုပ်ငန်းရှင်များအား ကင်းလွတ်ခွင့်ပြုရန်စသည့် အချက်(၂)ချက်အား လမ်းညွှန်မှာကြားခဲ့ ကြောင်း၊ စီမံကိန်းအဆိုပြုလွှာ တင်သွင်းသော ကုမ္ပဏီနှင့်အဖွဲ့အစည်းများက ထူးခြားကောင်းမွန်သော အမည်၊ ဂုဏ်သတင်းရှိ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနယ်ပယ်များတွင် နိုင်ငံတကာအတွေ့အကြုံရှိပြီး အရည်အသွေး ကောင်းများ ပြည့်စုံသူဖြစ်၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့က တာဝန်ပေးအပ်သော အဖွဲ့အစည်းနှင့် ကုမ္ပဏီများတို့ တိုက်ရိုက်တွေ့ဆုံညှိနှိုင်းပြီး စီမံချက်အဆိုပြုလွှာကို စိစစ်၍ အဆိုပါအဆိုပြုလွှာကို အတည်ပြုပေးနိုင်ပါရန်နှင့် တက်ရောက်လာသူများ အနေဖြင့်လည်း ဝိုင်းဝန်းအကြုံ ဆွေးနွေးပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထိုနောက် စီမံကိန်းအဆိုပြုလွှာတွင်ပါဝင်သော အချက်များအား ပန်းသီးစွမ်းအင် ကုမ္ပဏီရှင်းလင်းတင်ပြရာ တို်ငးဒေသကြီးဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စီမံကိန်းအဆိုပြုလွှာကို ပြင်ဆင်အတည်ပြုခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)