ကော့ကရိတ် ဇန်နဝါရီ ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့ကရိတ်ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေချင်းပြီး ကွင်းဆင်းပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့၊ ဒေါဖျာကျေးရွာအုပ်စု ကော့ဖလွတ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကော့ကရိတ်ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးအက်(စ်)လင်းရောင်က ကျေးလက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ ပျက်စီးမှုမရှိ စေရေး၊ အသက် (၁၀)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားရှိရေး၊ အိမ်ထောင်စုတိုင်း အိမ်ထောင်စုလူဦးရေစာရင်းလက်ဝယ်ရှိစေရေးနှင့် “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပြည်သူတို့၏ စီးပွားရေး၊ လူမှုရေးတို့တွင် နိုင်ငံသားကတ်နှင့် အိမ်ထောင်စုစာရင်းတို့၏ မရှိမဖြစ်အရေးပါပုံများ အကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့ကရိတ် ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများက ဒေါဖျာကျေးရွာအုပ်စုများ ဖြစ်သည့် ကော့ဖလွတ်၊ ကော့ကမာ၊ ကော့ခမိကျေးရွာနှင့် ကော့ပေါ်ကျေးရွာတို့ရှိ ကျေးလက်နေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးကို စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြား စတင်ပြုလုပ်သူ (၄၉)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စတင်ပြုလုပ်သူ (၁၅)ဦး စုစုပေါင်း (၆၄)ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်ပြားများ နေချင်းပြီး ဆောင်ရွက်ပေးခဲ့ပြီး အဆိုပါ ဆောင် ရွက်ပြီးစီးသော နိုင်ငံသားစိစစ်ရေး ကတ်များကို တာဝန်ရှိသူများက အဆိုပါကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)