စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း၌ မြို့နယ်အောက်ဆီဂျင် စက်ရုံသစ်ဖွင့်လှစ်

ဟုမ္မလင်း ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ဒေသခံပြည်သူများ၏ ကျန်းမာရေး အလို့ငှာ အောက်ဆီဂျင်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဟုမ္မလင်းမြို့နယ်၊ နောင်ပကျစ်ရပ်ကွက်၌ မြို့နယ်အောက်ဆီဂျင် စက်ရုံသစ်ဖွင့်ပွဲကို ယနေ့ နံနက် နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့မသာသနာ့ဇောတိကကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ဒတဣန္ဒဝံသက ဩဝါဒဂါထာ မိန့်ကြားတော်မှုသည်။

ဆက်လက်၍ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်းက အမှာစကား ပြောကြားရာတွင် ယခုမြို့နယ်အောက်ဆီဂျင်စက်ရုံကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လှူဒါန်းငွေ (၅၀၀၀၀၀ဝိ/-)နှင့် ဒေသခံစေတနာရှင်ပြည်သူများ၏ ပါဝင်လှူဒါန်းငွေ (၂၀၁၇၄၈၀၀ဝိ/-) စုစုပေါင်း (၂၀၆၇၄၈၀၀ဝိ/)ဖြင့် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်ကဆိုလျှင် အောက်ဆီဂျင်များကို မန္တလေး-မုံရွာမြို့တို့မှ မှာယူရာတွင် သယ်ယူပို့ဆောင်ရေး အခက်ခဲများရှိကြောင်း၊ ဒေသခံပြည်သူများ၏ အောက်ဆီဂျင် လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဟုမ္မလင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္ထစာသင်တိုက် ဆရာတော် ဘဒ္ဒန္ဒဉာဏိက၊ မြို့မသာသနာ့ဇောတိကကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ဒဣဝံသ၊ ဟုမ္မလင်းလေတပ်စခန်း ဌာနချုပ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုအောင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က မြို့နယ်အောက်ဆီဂျင်စက်ရုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းနှင့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်များကို အမွှေးနံသာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။

အဆိုပါ မြို့နယ်အောက်ဆီဂျင်စက်ရုံအသစ်သည် တစ်ရက်လျှင် (၄၀)လီတာဆံ့ အောက်ဆီဂျင် အိုး(၄၀)လုံး ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ဟုမ္မလင်း၊ နောင်ပိုအောင်၊ သောင်သွပ်၊ ရွှေပြည်အေး၊ လေရှီး၊ ဆွမ္မရာ၊ မိုဝိုင်းလွတ်မြို့များရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အောက်ဆီဂျင် လိုအပ်မှုအား ကောင်းမွန်းစွာ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေး ကော်မတီများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများ၊ ရှမ်း၊ နာဂ၊ ချင်း ရိုးရာယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ဧဆက်(ဟုမ္မလင်း)