အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင်သက်မွေးပညာရပ်ကာလတိုသင်တန်းများဖွင့်လှစ်

 

ဘားအံ  ဇန်နဝါရီ  ၁၈

ဒေသတွင်းလူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေပြီး အလုပ်အကိုင် အခွင့်အလမ်း များရရှိ၍ တစ်ဦးချင်းဝင်ငွေများ ပိုမိုမြင့်မားလာစေရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်း ပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)၌ သက်မွေးပညာရပ် ကာလတိုသင်တန်းများ (၁/၂၀၂၂) ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ခေတ် တွင် နည်းပညာနှင့်သက်မွေးပညာရပ်များသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လာနေပြီဖြစ် ကြောင်း၊ ကာလတိုသင် တန်းများမှတစ်ဆင့် ဒေသတွင်းကျွမ်းကျင်လုပ်သားရှားပါးမှုကို ဖြေရှင်း ပေးနိုင်ပြီး စီးပွားရေးဈေးကွက်ဖော်ဆောင်မှုကို တိုးတက်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ သက်မွေး ပညာရပ်များကို သင်ယူနိုင်မှုပိုမိုများပြားလာပြီး လုပ်ငန်းကျွမ်း ကျင်လာသည်နှင့်အမျှ တစ်ပိုင် တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်များကို ဖော်ဆောင်ခြင်းဖြင့် မြို့ပြ၊ ကျေးလက် ကွာဟမှုနည်းပါးကာ စီးပွားရေးနှင့်လူနေမှုအဆင့်အတန်းမြင့်တက်လာသည့် အကျိုးကျေးဇူးများ ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ သင်ယူပြီးမြောက်သွားမည့် အတတ်ပညာကို မိမိတို့၏ လူမှုပတ်ဝန်း ကျင်တွင် ပြန်လည်အသုံးချခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ဝင်ငွေနှင့်လူမှုစီးပွားဘဝများကို ပိုင်ဆိုင် နိုင်ရေးအတွက် သင်တန်းမှချမှတ်ထားသည့် စည်းကမ်းချက်များကိုလိုက်နာ၍ စနစ်တကျ လေ့လာသင်ယူကြစေလိုပြီး လုပ်ငန်းများအောင်မြင်အောင် လုပ်ကိုင်ကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၏ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ နန်းမိုးမိုးကြည်က အသက်မွေးဝမ်းကျောင်းများဆိုင်ရာ ကာလတိုသင်တန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယနေ့ဖွင်လှစ်သည့်သင်တန်းများကို ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်အသက်မွေး ဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီတို့မှကြီးမှူး၍ ပြည်နယ်အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနနှင့်အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တို့မှ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံကွန်ပျူတာသင်တန်းတွင် သင်တန်းသား/သူ ၂၅ ဦး၊ အမျိုးသား ဆံပင်ညှပ်သင်တန်းတွင် သင်တန်းသား ၂၀ ဦး၊ အခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းသူ ၂၀ ဦး တက်ရောက်လျှက် ရှိကာ သင်တန်းကြေးအခမဲ့ တစ်လသင်တန်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကာလတိုသင်တန်းများ သင်ကြားသင်ယူနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နိုင်ငံတကာအဆင့်မီ ထောက်ပံ့သယ်ယူပို့ဆောင်ရေးစခန်းနှင့် ကုန်သေတ္တာသို လှောင်စခန်း တည်ဆောက်လုပ် ကိုင်လိုသည့် EVER FLOW RIVER GROUP PUBLIC CO.LTD အား ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ကုမ္ပဏီဒုတိယဥက္ကဋ္ဌဦးမောင်မောင်ဦးက အပြည်ပြည်ဆိုင်ရာကုန်စည်ပို့ ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများအား နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများကို Power Point အသုံးပြု ရှင်းလင်းတင်ပြခဲ့ပြီး ဥက္ကဋ္ဌ ဦးကျော်လွင်ဦးက မြဝတီ မြို့တွင် တည်ဆောက်အကောင်အထည်ဖော်မည့် Logistic Infrastructure လုပ်ငန်းနှင့် ပတ်သက် ၍ ရှင်းလင်တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လိုအပ်ချက်များ ဆွေးနွေးပြောကြားပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)